Popular Posts
ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ
Friday, September 26, 2014
လွမ်းငှက်တွန်ကြူး အတာနွေတန်ခူး
ပိတောက်တွေပွင့်နေတာ နှစ်ရက်ရှိပါပြီကော--
ပွင့်ပွင့်ချင်း နေ့ ကတည်းက ဒေါ်ကြီးစိုး က ပိတောက်တွေ ခူးမယ်လုပ်နေလို့  တားထားရတယ်။
“ဒေါ်ကြီးစိုးရယ်--ပိတောက်တွေကို မခူးပါနဲ့ --ကြွေတဲ့အထိ ဒီအတိုင်းထားထားပါနော်-”
မေ ပြောတော့ ဒေါ်ကြီးစိုးက သက်ပြင်းချပြီး စိတ်မကောင်းတဲ့ လေသံနဲ့  ပြောတယ်လေ-
ပိတောက်တွေကြွေ တဲ့အထိ စောင့်ပြီး ပန်းကြွေလမ်းကို လျှောက်ဦးမလို့လား မေရယ်-တဲ့-
ဟုတ်တယ်--မေ ပန်းကြွေလမ်းကို လျှောက်ဦးမယ်--
ဟော---အိမ်ပြင်ထွက်လိုက်တော့ ဟိုး ခြံအနောက်ဖက် က အော်သံလေး သဲ့သဲ့ကြားလိုက်ရတဲ့အချိန်မှာ --
မေ့ နှလုံးသားအစုံဟာ တဆတ်ဆတ် ခုန်တာမြန်လာတယ်--
ပိတောက်ပင်တွေ စီတန်းနေတဲ့ လမ်းလေးကနေ ခြံနောက် စမ်းချောင်းလေးဆီကို မေ တလှမ်းချင်းလှမ်း လျှောက် သွားမိတယ်။
လမ်းတလျှောက် မွှေးအီချိုသင်းနေတဲ့  ပိတောက်နံ့ လေးက မေ့ကို  ကြို နေတယ်။
တသွင် သွင် စီးနေတဲ့ စမ်းချောင်းနားလေးအရောက် မှာ ပိတောက်ဝါ၀ါ တွေ ခင်းထားတဲ့  မြေပြင် ပေါ် မေ ဒူးထောက်လိုက်ရင်း ပြန့်ကြဲနေတဲ့  ပိတောက်ပန်းလေးတွေကိုလိုက်ကောက် နေတုန်းမှာ ဟိုးခပ်ဝေးဝေးက  ငှက်ကလေးရဲ့ အသံကို မေ ကြားနေရပြီ--
ဥသြ--ဥသြ
ဟော--မေ့ အဖော်လေးလာပြီပဲ--
မေ နဲ့  အတူ လွမ်းနေကျ လွမ်းဖော်လေးက   ပိတောက်ပွင့်ချိန် မှာမှ အလွမ်းတေး လာသီနေပါပေါ့ လား--
တဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးသားထဲကလဲ ဥသြ လေးနဲ့အပြိုင် မြည်ကြွေးသီကြူးနေတဲ့ အသံလေးက----
-အမောင်--အမောင်--တဲ့ 
စမ်းချောင်းလေးထဲကို ပန်းကြွေ ပွင့်လေးတွေ မျှောရင်း ရင်ထဲမှာ စူးနင့်နာကျင်နေတယ်
ပိတောက်တွေလဲ ပွင့်ဖူးတဲ့  ဒီအတာနွေဦး ရောက်ပြန်ပြီအမောင်ရယ်--
ဥသြလေးကလေ ဒီအချိန်ရောက်ရင် မေ့ ဆီ အချိန်မှန် လာတယ် အမောင်ရဲ့ --
ပိတောက်ပွင့်လေးတွေကလဲပွင့်ပေးကြတယ်
မေ့ ဆီ ပြန်မလာနိုင်တော့တာ မေ ချစ်ရတဲ့ အမောင် ပဲလေ--
မနက်ဖြန်ဆို သင်္ကြန် ကြိုတဲ့ နေ့ လေ အမောင်--
မေ အစွမ်းကုန် အလှတွေပြင် ပြီး အမောင်လောင်းမယ့် အတာရေဦးကိုရင်တခုန်ခုန်စောင့်ကြို နေ ကျ အချိန်ပေါ့ -
မနက်ဖြန်လဲ မေ အလှပြင်ထားမယ်နော်--
အမောင်မလာရင်လည်းလဲနေပေါ့ --မေတို့ရဲ့ အချစ်နှစ်ပတ်လည်နေ့  လေးမှာ မေကတော့ အလှတွေပြင်မှာပဲ
နှလုံးသားထဲက အမောင့်ကိုချစ်တဲ့ချစ်ခြင်းမေတ္တာ တွေ နဲ့အတူအမောင်မရှိတော့တဲ့ဒီနှစ်သင်္ကြန်ကို လည်း  မေ ကြိုရဦးမှာပေါ့  ချစ်တဲ့အမောင်ရယ်-
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ငယ်ဖော် ၊ငယ်ချစ်ဦး၊ငယ်ကျွမ်းဆွေ  --
 ဘယ်လိုပဲပြောပြော မေ့  နှလုံးသားကချစ်ဦးသူ က အမောင်ပဲလေ။
အပျိုဖော်ဝင်စကတည်းက မေ့ စိတ်အစဉ်ကိုစိုးမိုးထားသူက လဲ အမောင် ပဲ။
တလမ်းတည်းနေပြီး အိမ်ချင်းလဲမဝေးဘဲ လူကြီးချင်းလည်းရင်းနှီးကြလို့  အမောင်နဲ့ မေ က ငယ်ငယ်လေးကတည်းက ခင်မင်တွယ်တာလာခဲ့နေကြတယ်။
ကျောင်းမှာ စာတော် ပြီး အသင်းအဖွဲ့ တွေမှာ ဦးဆောင်ပါဝင်တတ်တဲအမောင်က
မေ့ ထက်တတန်းပဲကြီးပေမယ့်  သိပ်လူကြီးဆန်တာပဲ-သိပ်လဲဆရာလုပ်ချင်တာလေ--
အမောင် --ဆိုတဲ့နာမည်ကိုတောင် မေ့ဘာသာ ရင်ထဲက တိတ်တိတ်လေးကြိတ်ခေါ်နေပေမယ့် သူ့ ရှေ့ မှာတော့ မခေါ်ရဲဘူး။
မိသားစုမှာ အငယ်ဆုံးသမီး  မေ က ကလေးဆန် ၊ နွဲ့ ဆိုးဆိုးတတ်သလောက် သားကြီးဖြစ်တဲ့ အမောင်ကတော့ လူကြီးဆန်ပြီး တည်ငြိမ်ရင့်ကျက်တယ်။
ဆယ်တန်းကို ဂုဏ်ထူးတွေတသီကြီးနဲ့  အောင်ပြီး အမောင် ဆေးကျောင်းတက်ရတော့
မေ ပျော်လိုက်တာ--မေက ငယ်ငယ်ကတည်းက ကြင်ကြင်နာနာ ဆေးကုပေးတဲ့ 
ဆရာဝန်တွေကို သိပ်သဘောကျတာလေ-အမောင့်ကို ဒီအကြောင်းပြောပြတော့ မေ့ ခေါင်းကို ပုတ်ပြီး --
“မေက ကိုယ့် ကို ခုကတည်းက ဆေးကုပေးခိုင်းနေတာပေါ့ လေ-”လို့  ချစ်စနိုးကြည်စယ်တယ်-
အဲဒီကတည်းက အရာရာမေ့အပေါ် အလိုလိုက် ဂရုစိုက်တတ်တဲ့ အမောင့်စိတ်ကို မေ သိရှိကြည်နူးခဲ့ရတယ်-
အမောင်နဲ့ ကျောင်းအတူတူတက်ချင်လို့  အသည်းအသန်စာကြိုးစားခဲ့ပေမယ့် အမှတ်စာရင်းထွက်တဲ့ အခါ ဆေးအမှတ် မမှီတော့  မေ ငိုလိုက်ရတာ--
အဲဒီတုန်းက မေ့ကို စိတ်ရှည်လက်၇ှည်ရှင်းပြခဲ့တယ်--
“မေကဘာလို့ ဆေးကျောင်းတက်ချင်တာလဲ--မေ့ပုံစံကြည့်ရတာ ဆေးပညာကိုလဲဒီလောက်ကြီး ၀ါသနာပါပုံမရပါဘူး-“
ဆေးကျောင်းမှာ အမောင်ရှိလို့--လို့မပြောရဲတော့ မေ ငြိမ်နေရတာပေါ့ 
“ ဒီမယ်--ကိုယ် ပြောပြမယ် မေ၊ လူတွေဟာ ကိုယ် ၀ါသနာပါ၇ာနဲ့  အသက်မွေးမှ ဘ၀မှာပျော်ရွှင်ကြတာ ၊ အေး-တချို့ က ဘ၀ပေးအခြေအနေအရ ရွေးချယ်ခွင့် မရှိလို့သာ ပျော်ရာမလုပ်ရဘဲ သင့်တော်ရာလုပ်ကိုင် ရင်းဘ၀ ကိုရှင်သန်နေကြရတာ၊ ခု မေ က ရွေးချယ်ခွင့်ရှိတုန်း ကိုယ်ဝါသနာပါရာပညာနဲ့ အသက်မွေး ပါလား- ကိုယ်က ဘာလုပ်၇ရင်ပျော်မလဲ ကိုယ့်ဘာသာစဉ်းစားကြည့်”
“ အင်း-- မေလေ ကလေးလေးတွေကို ချစ်တယ်-- သူတို့ကို စာသင်ပေးချင်တယ်
“ ဒါဆို--မေ ဆရာမ လုပ်ပေါ့ --”
အမောင်ပြောသလို မေ ဆရာအတတ်သင် ပညာရပ်ကို  ရွေးခဲ့တယ်။
အမှတ်တွေ အများကြီးရပြီး တခြားလိုင်းကောင်းတွေ ရွေးလို့ ရပါရဲ့ နဲ့  ဆရာမလုပ်မယ့်  မေ့ကို အားလုံးက ပြောဆိုနေကြပေမယ့်  အမောင်ပြောတဲ့ အတိုင်းကိုယ်ဝါသနာပါရာပညာ  သင်ရတာမို့ မေ ပျော်တယ်--
နောက်ဆို  လူနာတွေကို ကြင်ကြင်နာနာဆေးကုပေးနေတဲ့ အမောင့်အနားမှာ
နေပြီး အနာဂါတ် ရဲ့ အဖူးအပွင့် ဖြစ်တဲ့ ကလေးလေးတွေကို မေက စာပြပေးမယ်လေ-
မေ့ ဘာသာ တိတ်တခိုး ကြည်နူးစိတ်ကူးနေရပေမယ့် အမောင်က တော့ ဆေးကျောင်းစာတွေနဲ့ နပန်းလုံးရင်း တနှစ်ပြီးတနှစ်ကုန်သာကုန်သွားတယ်- မေတို့ အခြေအနေ က ထူးမလာဘူး-   
ဒါပေမယ့်လေ ခံစားချက်ချင်း တူပြီးစိတ်ချင်းနီးစပ်နေလို့လားပဲ--အမောင့်ရင်ထဲမှာ မေ ရှိနေတယ်လို့  အလိုလို သိနေတယ်။
ဘာဖြစ်လို့လဲဆိုတော့ နှစ်စဉ်နှစ်တိုင်း အမောင်လောင်းတဲ့ အတာရေဦးနဲ့ အမောင်ပေးတဲ့ ပိတောက်ပန်းလေးတွေက သက်သေပေါ့နော်။
ဒီလိုနဲ့ အမောင်လဲဆရာဝန်ဖြစ်လို့  မေလဲမူလတန်းပြဆရာမလေး ဖြစ်လာခဲ့တယ်-
အဲဒီနှစ်ရဲ့ သင်္ကြန်ဟာ မမေ့နိုင်တဲ့ အမှတ်တရပါ။
ထုံစံအတိုင်း အကြိုနေ့ မနက်မှာ မေ အလှတွေပြင်ပြီး အမောင်အလာကိုစောင့်တယ်-
 အကြိုနေ့ ဆို အမောင် က အိမ်မှာလုပ်တဲ့ သင်္ကြန်မုန့်တခုခုယူလာပြီး မေ တို့အိမ်လာပေး ရင်း မေ့ကိုရေလာလောင်းတာ အိမ်သားတွေကလဲသိပြီး ကြည်ဖြူတယ်။
မုန့် ချိုင့်ကြီးကတဖက် ပိတောက်ပန်းတွေကတဖက်နဲ့  အမောင် မေ့ဆီ ရောက်လာတယ်။
“ဟယ်--ပန်းတွေကလှလိုက်တာ--မေ့ ကိုပေးမလို့လား-”
“ဟုတ်တယ်--ပန်းလဲပေးမယ်-ရေလဲလောင်းမယ်-နောက်ပြီး မေ့ ကို ပြောစရာရှိလို့ 
အခု --ကိုယ် ပို့စတင်ကျပြီး နယ်သွားရတော့မယ်-”
“ဟင်--ဘယ်ဘက်လဲ၊ အဝေးကြီးလား”
“အင်း--နဲနဲတော့ဝေးတယ်မေ--အညာမကျတကျ နေရာလေးပေါ့ -”
“ဒါဆို အဲဒီမှာပဲနေပြီး ရန်ကုန်ကို တော်တော်နဲ့ဘယ်ပြန်လာနိုင်မလဲနော်”
“ဟုတ်တယ်”
“တောထဲသွားမယ့် အစား-အံတီတို့  သွားစေချင်တဲ့ အင်္ဂလန်ပဲ ပညာတော်သင်သွားပြီး ပါရဂူဘွဲ့  ယူပါလား”
“ကိုယ်-အင်္ဂလန်မသွားချင်ဘူ မေ--ပြန်လာပြီး အထူးကုဆေးခန်းလဲ မထိုင်ချင်ဘူး-
ခု ကိုယ့်မိသားစု က ဘာပဲပြောပြော စီးပွားရေးခိုင်မာတယ်လေ- နောက်ကြောင်းအေးပြီး ကိုယ် ငွေကို အသဲအသန် မရှာလဲရတဲ့အခြေအနေမှာ ကိုယ့်ထက် အများကြီး ဘ၀အခြေအနေ နိမ့်ကျ ဆိုးဝါးတဲ့  လူတွေကို ကူရမယ်။မေ့ ကို လဲ မေးချင်တယ်-ကိုယ်နဲ့အတူဆိုမေလိုက်ရဲပါ့မလားလို့”
“ ရှင်--”
“ကိုယ်နဲ့တသက်လုံးဘ၀ခရီးလမ်းအတူ လျှောက်ရဲလား--လို့ -”
ကြည့်-အဲဒီအမောင်ဟာလေ--ချစ်တယ်၊ကြိုက်တယ် အရင်မပြောဘူး--မေ နဲနဲ စိတ် ကောက်ချင်လာပြီ
“မေ--မျက်နှာကြီးက ဘယ်လိုဖြစ်သွားတာလဲ--ကိုယ်ပြောတာမကြိုက်လို့လား-”
“ဟုတ်တယ်--မကြိုက်ဘူး-ဘာဖြစ်လို့ မေ့ကို တဘ၀ လုံး အတူခေါ် ချင်တာလဲ-ဆိုတာ အရင်ပြောပေါ့ -”
“အော်---မေရယ်-မေ့ကိုချစ်လို့ပေါ့ ကွယ်-
တို့နှစ်ယောက်တွယ်လာတဲ့ သံယောဇဥိကြိုးကတဘ၀ စာ ခိုင်မြဲနေပြီပဲ”
အို--ပျော်လိုက်တာ--အမောင်က မေ့ကို ချစ်သတဲ့ --တဘ၀လုံး အတူလက်တွဲ လျှောက်မတဲ့
“မေ--ဘာမှလဲပြန်မဖြေပါလား--ပြောလေ-ကိုယ်နဲ့ အတူ လိုက်နိုင်ပါ့မလား-”
“မေးနေရသေးလား အမောင်ရယ်-”
“ဘယ်လို --ကိုယ့်ကို မေ ဘယ်လို ခေါ်လိုက်တယ်--”
“အမောင်လို့--လေ--မေ့ရင်ထဲက တသက်လုံးကြိတ်ခေါ်လာတဲ့နာမည်ပေါ့
ခုမှပဲတရားဝင်ခေါ်ခွင့်ရတော့မယ်--မေခေါ်တာကြိုက်လားဟင်-”
အမောင်က မေ မေးတာမဖြေဘဲ မေ့ မျက်နှာလေးကို စေ့စေ့ကြည့်ပြီးနူးညံ့ကြင်နာစွာ ပြုံးလိုက်တယ်-ပြီးတော့  မေ့ကို ရေလောင်းတယ်-
“ ဒီအတာရေက ကိုယ့်ရဲ့ ချစ်မေတ္တာရေစင်ပေါ့ မေ--
ဟောသည်ပိတောက်ပန်းလေးကလဲ ကိုယ့်ရဲ့  မေတ္တာပန်းလေး--”
အမောင်ကမ်းပေးတဲ့  မွှေးကြိုင်နေတဲ့ ရွှေအိုရောင် ပိတောက်ခိုင်လေးကို မေ ဖွဖွလေး
မွှေးလိုက်တယ်-
ရင်ထဲမှာကြည်နူးလိုက်တာ--
မေ့ဘ၀မှာ  အမောင့် ချစ်ခြင်းမေတ္တာ နဲ့ အားလုံးပြည်စုံ လုံခြုံသွားပါပြီ။
အရာရာ ရင့်ကျက်တည်ငြိမ်ပြီး စိတ်သဘောထား ဖြောင့်မတ်တဲ့  ကြင်နာတတ်တဲ့  အမောင်နဲ့သာဆိုရင်လေ  ဘ၀ခ၇ီးလမ်းဘယ်လောက်ကြမ်းကြမ်း ပေါ့ အမောင်ရယ်-
မေ လျှောက်ရဲပါတယ်--
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကလေးလေးတွေ စာသင်ပေးရင်း ၊မေတို့နှစ်ယောက် ရှေ့ရေးအတွက် လိုအပ်တာတွေကြိုတင်ပြင်ဆင်ရင်း အမောင်နဲ့ ဝေးနေရတဲ့  လွမ်း၇က်တွေကို မေ အကျိုးရှိရှိ  ဖြတ်သန်းခဲ့ပါတယ်။
ဒါပေမယ့်လေ-- နွေဂိမာန်ကူးလို့ ဥသြလေးတွေ တွန်ကြူးတဲ့အတာ ရက်တွေေ၇ာက်ရင်တော့ မေ အမောင့်ကိုမျှော်မိပြီ။
အမောင်ကလဲလေ --သင်္ကြန်ပိတ်ရက် ပြန်လာမယ်ပြောပြီး ခုအကြိုနေ့ ရောက်နေပြီ-
မေ တမ်းတပြောဆိုနေတုန်းမှာပဲ မေ့ ရှေ့ ကို အမောင်ရောက်လာတယ်-
အို--အမောင်က အသားတွေလဲ ညိုသွားတယ်-မျက်နှာကလဲ ပိုလူကြီးဆန်လာသလိုပဲ
“အမောင်--အရမ်းပင်ပန်းနေပြီလားဟင်--”
“ဟုတ်တယ်မေ--အခု တာဝန်ကျနေတဲ့ ရွာကြီးက တောမကျ၊မြို့ မကျ နဲ့စည်ကားပေမယ့်  ဆေး၇ုံမှာ ဆရာဝန်က ကိုယ်တယောက်တည်းလေ-ပင်ပန်းပေမယ့်ပျော်ပါတယ် -မေ့ကိုလဲပြောမလို့ -- ကိုယ်တို့ လက်ထပ်ကြ၇အောင်နော်--ခုတာဝန်ကျတဲ့နေရာ မေ့ကိုခေါ်သွားမယ်” 
ဒီလိုနဲ့ အမောင့်ကိုပါရမီဖြည့်ဖို အမောင်ခေါ်တဲ့နောက် ကို ဖ၀ါးခြေထပ် လိုက်လာခဲ့ရတယ်- -မေ့အလုပ်ကိုလဲ မောင် တို့ရွာ ကကျောင်းကို ပြောင်းလိုက်တယ်-
ရွာထိပ်က အမောင် ပြင်ဆင်ထားတဲ့ မေတို့နေရမယ့် အိမ်လေးက ပျဉ်ထောင်သွပ်မိုးနဲ့ ကျဉ်းကျဉ်းလေးပေ မယ့် ချစ်စရာလေး -- ခြံကြီးကလဲအကျယ်ကြီးပဲ--မေ့ အကြိုက် သစ်ပင်ပန်းပင်တွေနဲ့ -
“လာ--မေ့ကိုပြစရာရှိတယ်”
အမောင်ခေါ်ရာ ခြံနောက်ဖက်အရောက်မှာတော့--အို-ပိတောက်ပင်တွေ စီတန်းနေတဲ့ လမ်းလေးပါလား-လမ်းအဆုံးမှာ ကြည်လင်တဲ့ စမ်းချောင်ေးလးက စီးဆင်းလို့ --
“သာယာလိုက်တာအမောင်ရယ်--မေ စိတ်ကြည်နူးလိုက်တာ”
“ဘာမှ ပကာသန မရှိတဲ့  ဒီနေရာလေးမှာ မေ ပျော်ပါ့မလားလို့  ကိုယ်စိုးရိမ်မိတယ်-”
“ပျော်တယ်အမောင်--မေ -ပျော်တယ်-အမောင့် ကိုပြောခဲ့သလိုပဲ မေ ဒီရွာလေးမှာ
နေပြီး အမောင့်ကို ပါရမီ ဖြည့်ပေးမယ်နော်-”
“ကျေးဇူးတင်ပါတယ်-မေရယ်--ကိုယ်တို့  ဒီရွာလေးမှာ ဘ၀ကိုအေးအေးချမ်းချမ်း တည်ဆောက်ကြမယ်နော်-”
တကယ်ကို အမောင်ပြောသလိုပဲ မေ တို့  ဘ၀လေးကို အေးအေးချမ်းချမ်း တည်ဆောက်ခွင့်ရခဲ့တယ်
ကလေးတွေကို စိတ်ရှည်လက်ရှည် စာသင်ပေးတဲ့  မေ့ ကို အားလုံးကချစ်ခင်ကြသလို
ဆေးကုဖို့ တခုတည်းမဟုတ်ဘဲ ရပ်ရေးရွာရေးတွေပါ ကူညီဆောင်၇ွက် အကြံပေးနေတဲ့ အမောင့် ကို ရပ်ရွာက အားကိုးလေးစားကြတယ်။
ဒီလိုနဲ့  ဒီရွာလေးနဲ့  မေတို့ ဟာ တသားတည်းလို သံယောဇဉ် ဖြစ်သွားပြီး အမောင်က အစိုးရ အလုပ်ကို ထွက်လိုက်ပြီးဒီရွာလေးမှာပဲ  ဆေးခန်းဖွင့်ပြီး အခြေချနေထိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မေ ကလဲ သဘောတူကြည်ဖြူ စွာ လက်ခံခဲ့ပါတယ်။
ညဘက်လသာတဲ့ နေ့ တွေမှာ အမောင်က စန္ဒရားလေးတီးတော့  မေကသီချင်းဆိုတယ်။ မေ့ ခံစားချက် အတိုင်းတထပ်တည်းကျတဲ့ အံတီချိုပြုံးရဲ့ --ဘ၀ချင်းဆုံတွေ့ ပါရစေ--ဆိုတဲ့ သီချင်းလေးပေါ့ ---
♪ ♫ ♫ တဦးနဲ့ တဦး ချစ်စေကြောင်းတောင်းဆုပြုတယ်လေ-ဘ၀ ဘ၀တိုင်းအသင်္ချေ၊
ပုံပမာနိုင်းပြမယ်လေ--မောင်ရေ--အာကာနန်းဗွေ လျှမ်းပနေ --စမ်းလသော်တာ မောင်သာဖြစ်ရင် လေ--
မေအမြဲ မောင့်အပါးဆီမှမသွေ တဖ၀ါးမှမခွာလိုပါပေ--ရေတွက်ပြေးကစား--ငွေကြယ်လေးများဖြစ်ပါရစေ.. ♪ ♫
♪ ♫ အသဲကမ္ဘာအသင်္ချေ-- မောင်နဲ့အတူတွဲ မခွဲ  မခွဲပါဘူေးလ-မဟာသမုဒ္ဒရာရေ--မောင်ကဖြစ်ရင် --မေကလဲမသွေဆိုင်းေ၇လှိုင်းဖြစ်ချင်တယ်လေ-သို့ မဟုတ် -နှင်းဆီပန်းအဖူးအပွင့်ပမာလေ-ဆူးခက်လေးတွေအလား မေ အပါးကခစားပါမောင်ရေ-
အဆုံးတနေ့ မှာလေ - ကန္တာရတောတောင်စခန်းမြေ ရေကန်သာ မောင်ကဖြစ်ရင်လေ--
နှစ်ဖြာ အသင့်ဆင့်  ကြာပန်းတပွင့် ပွင့်ပါရစေလားလေ-♪ ♫-♪ ♫
ဘ၀ မှာ ဘယ်လို ကြီးကျယ်ခမ်းနားမှုမျိုး လိုရဦးမှာလဲ
ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာတတ်နိုင်သလောက် အကျိုးပြုလုပ်ငန်းလေးတွေ  လုပ်ပေးရင်း ချစ်ခင်အားကိုးရတဲ့ အမောင်နဲ့  ဒီလို သီချင်းလေး ဆိုနေရရင်
မေ့ ဘ၀ဟာပြီးပြည့်စုံလှပတဲ့ ပန်းချီကားချပ်လေးပါ--
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမောင်ရေ--လောကဓံတရားဆိုတာအယုတ်အလတ် အမြတ်မရွေး လူသားတိုင်းကို ရိုက်ခတ်နေတာပဲနော်--ဒါကို မေ ဘ၀နဲ့ ရင်းပြီးသိခဲ့ရပါတယ်။
ခုတလော--အမောင် မျက်နှာမကောင်းဘူး--စိတ်ထဲမှာတခုခု ကို တနုံ့ နုံ့  တွေးနေပုံပဲ-
ညဘက်လဲ အစည်းအဝေးရှိတယ်ဆိုပြီး အိမ်ပြန်နောက်ကျတတ်တယ်။
တနေ့ မှာ ဒေါ်ကြီးစိုးဆိုတဲ့  အဒေါ်ကြီးတစ်ယောက်ကိုခေါ်လာတယ်။
“မေရေ--နောက်ဆို အမောင်က ခရီးတွေ ထွက်စရာရှိမယ်။
မေ လဲအဖော်ရအောင် ဒေါ်ကြီးစိုးကိုခေါ်လာတာ--အရင်သမီးလေးကလုပ်ကျွေးနေတဲ့ 
မုဆိုးမကြီး လေ--သူ့ သမီးလေးက မြို့ကပြန်လာပြီး  အရင်အပတ်က ဆုံးသွားတယ်--
ကျောထောက်နောက်ခံလဲမရှိ လို့ အားကိုးရာမဲ့ဖြစ်နေတာ-မေ လဲအဖေါ်ရအောင် မောင်ခေါ်လာတာ-”
ကြည့်ရတာ ရိုးသားအေးဆေးပုံရတဲ့ ဒေါ်ကြီးစိုးကို မေ ခင်ပါတယ်။မေ လဲ အမေနဲ့ဝေးနေချိန် အားကိုးတိုင်ပင်စရာရသွားတယ်-ဒေါ်ကြီးစိုးက စကားပြောကြည့်မှ တော်တော်ရိုးတာပဲ--
ကိုယ့်သမီး ဘယ်သွားအလုပ်လုပ်တာ--ဘာရောဂါဖြစ်ပြီးဘယ်လို ဆုံးတယ်ဆိုတာ တောင်လုံးဝ နားမလည်ဘူး-
“မသိပါဘူး--မေရယ်-သမီးလေးက အရင်အိမ်မှာ စက်ချုပ်နေတာလေ-အရင်နှစ်က ဒေါ်မြကြည် က ထိုင်းနယ်စပ်ကအထည်ချုပ်စက်ရုံမှာ  အလုပ်ရှိ တယ်ဆိုပြီးခေါ်သွားတာပဲ- -နေတာစားတာစရိတ်ငြိမ်းတဲ့ -လစာလဲ အဒေါ့် ကိုမှန်မှန်ပို့ပေးတယ်-
ခု သမီးက ဆုံးခါနီးမှ ပြန်ရောက်လာတာ-သူကလဲ အားရင်ကြတ်ငိုနေပြီးအဒေါ့် ကို ဘာမှသေချာ မပြောပြဘူး--ဒေါ်မြကြည်ကိုလဲမေးလို့မရဘူး--လေ”
ဒေါ်ကြီးစိုးစကားတွေ နားထောင်ပြီး မေ့ ရင်ထဲ ထင့်နေလို့ အမောင့်ကိုမေးမိတယ်
“ဟုတ်တယ် မေ--ခုတလော-အမောင် လဲ ဒီကိစ္စတွေကို သေချာ လိုက်စုံစမ်းနေတာ-
ဒီရွာကနေ ဒေါ်မြကြည် ခေါ်သွားတဲ့ မိန်းကလေး တွေများပြီ။ သူတို့မိဘတွေကိုတော့ နယ်စပ်က စက်၇ုံတွေပို့ထားတယ် ပြော့ပီး ပြန်မလာ ကြတဲ့သူတွေများတယ်”
“ဒေါ်မြကြည် ကို ဘယ်သူမှ မမေးကြဘူးလား--”
“သူကအရင် ဒီရွာမှာလဲ နေခဲ့ဖူးပြီး ငွေကြေး လဲ တတ်နိုင်တော့ သူ့ကိုအထင်ကြီးပြီးယုံနေကြတာ။
ဒေါ်မြကြည်က သူတို့ရွာက မိန်းကလေးတွေ မြို့မှာ အလုပ်ရပြီး အမြင်ကျယ်အောင် လုပ်ပေးနေတာ လို့ ပဲပြောတယ်။ခုခေတ်ကြီးမှာ သူရှာပေးတဲ့ အလုပ်က လစာတွေက လဲမက်လောက်စရာဆိုတော့  သူပြောတာယုံနေကြတယ်။ အမောင်တော့ရင်လေးတယ်-
ခု အမောင့်စကားကို သဘောပေါက်နားလည်တဲ့  လူတွေစုတိုင်ပင်ပြီး အဲဒီကိစ္စကိုဖေိာထုတ်ရမယ်”
“အမောင်ရယ်--သက်ဆိုင်တဲ့သူတွေ သူ့ဘာသာလုပ်ပစေပေါ့ --အမောင်ကဆရာဝန်-
ဆေးကုပေးရင် တော်ပြီပေါ့--စိတ် ပင်ပန်းပါတယ်”
ဘယ်လိုပြောလိုက်တာလဲမေ--ဒီကိစ္စဟာ အားလုံးနဲ့ဆိုင်တဲ့  အမျိုးသားရေးကိစ္စ၊
ကိုယ့်မြန်မာမိန်းကလေးတွေ တဖက်နိုင်ငံ ရောင်းစားနေကြတာ-ဘ၀ပျက်နေကြတာ
အသေဆိုးနဲ့သေကုန်ကြတာ--ဘာမှမဆိုင်ဘူးလား-
ဒီမိန်းကလေးတွေသာ မေ့ရဲ့  ညီမလေးတွေ ဆိုရင် မေ ဘယ်လိုခံစားရမလဲ--ကိုယ့်လုပ်အားလေးနဲ့ မိဘ၊
မောင်နှမ၊ မိသားစုကို လုပ်ကျွေးချင်တာပဲသိပြီး ဘာမှမသိနားမလည်ကြ တဲ့  ၊ ရိုးသားပြီးယုံလွယ်တဲ့  မိန်းကလေးတွေ ရေတိမ်နစ်နေကြတာ ဘယ်လောက်တောင်များနြေ့ပီလဲ-သိလား”
အို--အမောင်အော်တာ မေ-ဒီတခါပဲ ခံရဖူးတယ်-ဟုတ်တယ်--အမောင်ပင်ပန်း နေတာမကြည့်ရက်တဲ့ 
မေ့ အတွေးက သိပ်အတ္တဆန်သွားတယ်နော်--
“မေ --တောင်းပန်ပါတယ်အမောင်--မေ တကိုယ်ကောင်းဆန်သွားမိတယ်။
ကိုယ်နဲ့မဆိုင်ဘူးလို့ နေလို့မရတဲ့ ကိစ္စကြီးပါ--အမောင်မှန်ပါတယ်-
ဒါပေမယ့်-သတိတော့ထားနော်--အမောင့်မှာ အန္တာရယ်ရှိမှာစိုးလို့ပါ”
“ခု ဒေါ်မြကြည် ရွာပြန်ရောက်နေတယ်--မနက်ဖြန်ပြန်မယ်တဲ့ -ဒီတခေါက်လဲ မိန်းကလေး ငါးယောက်လောက်ပါသွားမယ်ကြားတယ်- ကြည့်ရတာ သူက နယ်စပ်မှာ လက်လွှဲနဲ့  မိန်းကလေးတွေကို ထားခဲ့ပုံပဲ-- ဒီတခေါက် ဘယ်သူမှ အပါမခံရအောင် ကိုယ် တို့အဖွဲ့  နယ်စပ်အထိလိုက်ကြည့်ရမယ်။
 မေ က ဒေါ်ကြီးစိုးနဲ့  နေခဲ့နော်”
“ဟင်--သဘက်ခါပဲ--အကြိုနေ့ ရောက်တော့မယ်--အမောင်က ခရီးထွက်ဦးမှာလား-
“မတတ်နိုင်ဘူးလေ-မနက်ဖြန် သူတို့ထွက်တာနဲ့  ကိုယ်တို့ လိုက်ထွက်ရမှာ--ဒေါ်မြကြညိက သိပ်လည်တာ--အရင်လဲမသင်္ကာတဲ့ အဖွဲ့ တွေ က လိုက်တာ သူက ခြေရာဖျောက်ပစ်လိုက်တယ်။ ဒီတော့ အမောင်တို့  က သေချာ စောင့်ကြည့် ပြီး သူတို့ကားထွက်တာနဲ့ နောက်ကတန်းလိုက်ရမှာပဲ”
အမောင့်ကို ကြည့်ပြီး မေ့စိတ်ထဲလေးနေသလိုပဲ--ထူးထူးခြားခြား အဲဒီညက သင်္ကြန်မိုးပြေးလေးရွာပြီး ပိတောက်တွေ လည်း ပွင့်တယ်။
နောက်နေ့ မနက် သွားခါနီး ပိတောက်တွေ တပွေ့ ကြီးနဲ့ အမောင်ကမေ့ ကို ရေလောင်းတယ်
“ ရေကြိုလာင်းခဲ့တယ်နော်--မေ -အကြိုနေ့ ရေလောင်းမခံရရင် မေ ငိုနေမှာစိုးလို့ ”
အမောင်ပြောမှ မေ့ စိတ်ထဲတမျိုးဖြစ်မိတယ်။ ခဏနေတော့ အိမ်ရှေ့ မှာ မောင်တို့သွားမယ့်  ဟိုင်းလက် ကားလေး ရောက်လာတော့ သွားမယ်နော်--မေ -ဆိုပြီးလက်ပျြနုတ်ဆက်သွားတယ်-
အမောင်ပေးခဲ့တဲ့  ပိတောက်ပန်းတွေ ဘုရားရှင်ကိုကပ်လှူပြီး အမောင်တို့  လုပ်ငန်းအောင်မြင်ပါစေ-လို့ဆုတောင်းပေးနေမိတယ်။
ဒါပေမယ့် မေ့ ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး---
ညနေစောင်း မှာ အမောင်တို့ စီးသွားတဲ့ ကားမှောက်လို့  အားလုံး အရေးပေါ်ဌာနရောက်နေပြီဆိုတာလဲ ကြားရော မေ ဆေးရုံကို ချက်ချင်းလိုက်သွားပေမယ့်  အမောင့်အသက်ကိုမမှီတော့ဘူး--
မိန်းကလေးတွေတင်ပြီး ထွက်ပြေးတဲ့ ဒေါ်မြကြည်တို့ ကားကို မှီအောင်လိုက်မောင်းရင်း ကားချင်း ပွတ်မိရင်း နှစ်စီးလုံး မှောက်တာတဲ့ --
ဟိုဘက်ကားက ဒေါ်မြကြည် နဲ့ သူ့ ဒရိုင်ဘာ  ၊ ဒီဘက်ကားက အမောင်နဲ့နောက် နှစ်ယောက်ဆုံးသွား တယ်တဲ့ -- မိန်းကလေးတွေ ကိုတော့ ပြန်ခေါ်ခဲ့နိုင်တယ်တဲ့-
အို--မေ့ ရင်တခုလုံး ဗြောင်းဆန်ပြီး ဖြစ်ပျက်နေတာတွေကို မယုံနိုင်သလိုပဲ--
မနက်ကမှ အမောင် က ပိတောက်ပန်းလေးပေးပြီး မေ့ ကို ရေလောင်းခဲ့သေးတယ်လေ။
မေ မငိုအောင် ချော့သွားတယ်လေ--အမောင်က ဘာလို့သေရမှာလဲ-
မဟုတ်ဘူး-အမောင်သေတာမဟုတ်ဘူး--
အမောင်ဟာတစ်သက်လုံး မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကောင်းတာတွေပဲလုပ်ခဲ့တာလေ-
ဒီလိုလူကိုမှ  ရက်စက်လှချည်လားကံကြမ္မာရယ်--
အမောင်ရေ--အမောင်  မေ့ ဆီပြန်လာမယ်ဆို -
မေ နဲ့  တဘ၀ လုံးလက်တွဲလျှောက်မယ်ဆို--
မေ့ရဲ့  ကောင်းကင်ဟာ ပြိုကျပျက်စီး သွားပြါ့ပီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမောင် မရှိတော့ပေမယ့်   မေ ဒီရွာလေးမှာပဲ ဆက်နေခဲ့ပါတယ်။
အမောင်လုပ်စေချင်တဲ့ အလုပ်တွေမေ ဆက်လုပ်ပေးမယ်လေ-
အမောင်တို့အသက်နဲ့ ရင်းပြီး လမ်းပြသွားလို့  ခုဆို ရွာသူရွာသားတွေကို အမြင်ကျယ်ကုန်ကြပြီလေ-
မိန်းကလေးတွေလဲ အသိတရားရှိပြီး အယုံမလွယ်ကြတော့ပါဘူး--သမ္မာအာဇီဝကျတဲ့အလုပ်ကိုလဲရွေးတတ်နေကြပါပြီ။
ရိုးသားတဲ့ ကျေးလက်က ပန်းလေးတွေ အားမာန်အပြည့်နဲ့  လန်းဆန်းနေပါပြီအမောင်
အမောင် ရောက်ရာဘ၀က၀မ်းသာပီတိနဲ့ သာဓုခေါ်နိုင်အောင် မေ အမျှဝေ နေပါတယ်။
မေလဲ  အမောင်ဆုံး ကာစ က ရူးမတတ် ခံစားခဲ့ရတဲ့  စိတ်တွေကို တရားရေအေး နဲ့ဆေးကြောပြီး  ခုဆို ရင့်ကျက်တည်ငြိမ်တဲ့  မေ ဖြစ်နေပါပြီ။
အမောင် မရှိတော့ပေမယ့်  အမောင့်ပုံရိပ်တွေ ၊အမောင့်စကား သံလေးတွေ၊ အမောင့် အဆုံးအမတွေနဲ့  မေ လေ ဘ၀ကို အဓိပါယ်ရှိရှိဖြတ်သန်းနေပါတယ် အမောင်-
မြတ်စွာဘုရားဟောကြားခဲ့တာ-- လူသားတွေဟာ သံသရာတလျှောက် ကျခဲ့ရတဲ့မျက်ရည်တွေဟာ သမုဒ္ဒရာ နှစ်စင်းစာမက များခဲ့လှပြီ--တဲ့ -
မေ-- မငိုတော့ပါဘူး အမောင်-
မေ့  မျက်ရည်နဲ့ တမ်းတခြင်းတွေကြောင့်  ရောက်ရာဘ၀မှာ အမောင့် ကို မပူလောင်စေချင်ဘူးကွယ်--
မေ့ မျက်ရည်တွေကို သိမ်းလိုက်ပါပြီ။
ဒါပေမယ့်အမောင်ရယ်--ခုလို ပိတောက်တွေပွင့်ဖူးပြီး လွမ်းငှက်လေးတွန်ကြူးနေတဲ့ 
အတာနွေဦး ကို ရောက်လာခဲ့ရင်တော့  မေ လွမ်း ပါရစေ နော်-
ဟောဒီ့ စမ်းချောင်းလေးမှာ ပန်းကြွေလေးတွေမျှောရင်း ဥသြငှက်လေးနဲ့အပြိုင်
အမောင့်အတွက် မဆုံးနိုင်တဲ့ အလွမ်းတေးလေးသီပါရစေနော်--
အမောင့်ကိုတမ်းတရင်း ပန်းကြွေလေးတွေကို စမ်းချောင်းလေးထဲမျှောချအပြီး မှာ ပိတောက်လမ်းလေး အတိုင်း မေ ပြန်လှည့်လာတဲ့အချိန်မှာပဲ--
“မေမေ--သားသားရေသွားကစားတော့မယ်နော်-”
ဒေါ်ကြီးစိုး ဆင်ထားပေးတဲ့  ၀တ်စုံအသစ်လေးနဲ့  သင်္ကြန်ဦးထုပ်လေးနဲ့  ရေသေနတ်လေးကိုင်ထားတဲ့  သားလေးက ချစ်စရာကောင်းလိုက်တာ။
“ဟယ်--တစ်ယောက်တည်းသွားမလို့လား-မေမေလဲလိုက်ခဲ့မယ်လေသားသားရဲ့ ”
“ဒီလမ်းထိပ်တင်ပါ-သားသားတို့ မူကြိုကျောင်းကသူငယ်ချင်းတွေစုပြီးပက်လို့ရအောင်
ဆရာမက လုပ်ပေးတာ--ဒေါ်ကြီးစိုးလိုက်ပို့မှာ--မေမေမလိုက်နဲ့တော့-
မေမေက လူကြီးဆိုတော့  ယောဂီဝတ်စုံဝတ်ပြီး ဘုန်းကြီးကျောင်းသွားလေ”
တတ်လိုက်တဲ့သားလေး--အမောင်ရေ-သားလေးကအမောင့် အတိုင်းပဲ -
 ခု မေ့ ကို ဆရာလုပ်နေပြီ သိလား-
လောကကြီးမှာ မေ တစ်ယောက်တည်းမကျန်ခဲ့ရအောင် မောင့်ကိုယ်စား ထားခဲ့တဲ့  လက်ဆောင်လေးပေါ့ နော်-
ဒီသားလေး ကြီးလာရင်လဲ အမောင့်လို စိတ်ဓါတ်မြင့်မားအောင်၊ တည်ကြည်ရဲရင့်ပြီး
အများအကျိုးအတွက် ဆောင်၇ွက်တတ်အောင် မေ သွန်သင်ဆုံးမရဦးမယ်။
ဒီသားလေးကိုပြုစုပျိုးထာင်ဖို့ မိခင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့  အရည်အချင်းတွေ ရှိအောင် မေ ကြိုးစားမာန်တင်းရင်း ခုလို အတာနွေဦးမှာတော့ဥသြငှက်လေးနဲ့ အတူ မေ့ ကို လွမ်းခွင့်ပြုပါဦးအမောင်ရယ်--
ဒေါ်ကြီးစိုး လက်ကိုဆွဲပြီး သားလေးထွက်သွားတာကို ငေးကြည့်ရင်း မေ့ရင်ထဲကနေ အမောင့်ကို ကတိစကားတွေ တိုင်တည်ပြောဆိုနေမိပါတော့တယ်။
ခံစားနားလည်နိုင်ပါစေ
No comments:
Post a Comment
LinkWithin
Related Posts Plugin for WordPress, Blogger...
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်
ကြော်ငြာကဏ္ဍ
ဤနေရာတွင်ကြော်ငြာလက်ခံပြီ
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ