Popular Posts
ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ
Friday, September 26, 2014
အလွမ်းခိုး
နွေဦးညချမ်းဟာ  ညင်သာတဲ့ လေပြေနုလေး တိုက်ခတ်နေတဲ့အတွက်   မပူလောင်ဘဲ အေးမြမြ ရှိနေပါတယ်။ ဒါပေမယ့် ကျမ ရဲ့  ဘယ်ဘက်ရင်ဘတ်ထဲ ကတော့ မျက်တက်တက် နဲ့  ပူလောင်စူးရှနေရဲ့ ...
တနေကုန် လုပ်ငန်းခွင်ထဲမှာ စိတ်နှစ်ထားလို့  မေ့ လို့ရပြီလို့  ထင်ခဲ့ပေမယ့်  အိမ်ပြန်ရောက်လို့  လုပ်စရာရှိတာတွေ လုပ်ပြီးအနားယူတော့မယ် ဆိုရင်တော့ ကျမကို နှိပ်စက်နေကျ မမြင်ရတဲ့  ရုပ်နာမ်မဲ့ သတ္တ၀ါလေး က လာပါပြီ။
သူ့  ကို လူတွေက  အလွမ်း လို့ နာမည်ပေးထားကြတယ်။
နှစ်ကိုယ်တူ ကြည်ဖြူပြီးချစ်ကြသူတွေအတွက်တော့ ပြန်လည်မဆုံဆည်းခင် ခဏတာခွဲခွာရချိန် လွမ်းတဲ့အလွမ်းဆိုတာ ရင်ခုန်လှိုက်မော မှု နဲ့  ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခြင်းရဲ့ ကိုယ်ပွားလေးတစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်..
 ဒါပေမယ့် လေ ....... ဘယ်လိုမှ သက်ဆိုင်မှုကို နာမည်တပ်လို့ မရတဲ့ သူတစ်ယောက်ကို တမ်းတနေရ တဲ့ ကျမရဲ့ အလွမ်းကတော့ မခံမရပ်နိုင်အောင် ကြေကွဲနာကျင်လှပါတယ်။
 သူ နဲ့ ကျမဟာ  ဘာလဲ...
ဒီအဖြေ ကို  ဘယ်သူ့ ကိုမှ ကျမ မပြောပြနိုင်ပါဘူး။သေချာတာတစ်ခုကတော့  ကျမ နဲ့ သူ ဟာပွင့် လင်း ဖြူစင်တဲ့ မိတ်ဆွေတွေလည်းမဟုတ်၊ စိတ်နှလုံးသားအပ်နှင်းထားတဲ့ ချစ်သူတွေလည်း မဟုတ်ကြတဲ့  သူစိမ်းနှစ်ယောက်ပါ။
 ဒီလိုဆိုတော့ တကယ့်သူစိမ်း လို စိတ်ထားနိုင်ကြလားလို့ မေးရင်လည်း  ဟင့် အင်း လို့ ပဲ ကျမဖြေပါ့မယ်။
ဟုတ်တယ် ၊ သူဟာ ကျမကို တကယ့် သူစိမ်းလို သဘောမထားပါဘူးလို့  ခုထိ ကျမ ရင်ထဲမှာ အခိုင်အမာ ယုံကြည်ဆဲပါ။ဒါပေမယ့် ကျမကိုသူ ချစ်နေမယ်လို့ လည်း အဆုံးစွန်ထိ မမျှော်လင့် ရဲသေးပါဘူး ။
 ကျမ ရဲ့  အနေအထားကို  အနီးစပ်ဆုံး ဥပမာပေးရမယ်ဆိုရင် ...
၁၅၀၀ နဲ့ ၅၂၈ နယ်နမိတ်ကြားက မြင့်မားမတ်စောက်တဲ့ ခြောက်ကမ်းပါးစွန်း မှာ တည်းတည်းလေးရပ်ပြီးတင်ကျန်နေသူလို့  ကျမကိုယ်ကျမ  မြင်ယောင်မိပါတယ်။ရှေ့ တိုးလို့  မရသလို နောက်လည်းမဆုတ်ချင်ဘဲ  ကမ်းပါးထိပ်မှာ မားမားရပ်နေတဲ့ကျမ ကိုခုထိတော့သူ က လှည့်မကြည့်သေးပါဘူး။
 ဘယ်အရာတွေက ကျမတို့ ကို ဒီလို ဝေးကွာသွားစေခဲ့ ပါလိမ့်  ...........
ကျမကတော့ သူ့ ရဲ့  မာန ကြောင့်လို့  ထင်ခဲ့သလို သူကတော့ ကျမရဲ့  အတ္တ ကိုလက်ညှိုးထိုးပြလိမ့်မယ်ထင်ပါ တယ်။ ကျမတို့ နှစ်ယောက် ဟာ ဘယ်သူ မှ အလျှော့မပေးကြဘဲ တစ်ယောက်ကိုတစ်ယောက်စောင့်ကြည့်နေကြသူတွေပါ။ ကျမကလည်း နှလုံးအိမ် ထဲက လျှံထွက်ကျမတတ် အလွမ်းတွေ ကို  ထိန်းချုပ်မြိုသိပ်ရင်း သူ့ မာန တွေ အရည်ပျော်လာမယ့် အချိန်ကို စောင့်နေသလို သူကလည်း  ကျမကို သံယောဇဉ်ရှိရဲ့  နဲ့ ဟန်ဆောင်တင်းမာရင်း ကျမ ရဲ့  လိုက်လျှောမှု ကိုမျှော်ကောင်းမျှော်နေပါလိမ့်မယ်။
သူဘယ်ရောက်နေတာလဲ......
ဘယ်သူ့ ကိုမှ မေးလို့ မရတဲ့ မေးခွန်းတစ်ခုကို ရင်ဝယ်ပိုက်ရင်း ကျမ သူ့ ကို မျှော်နေပါတယ်။
လွမ်းတယ်ဆိုတာ အသည်းနှလုံးကို  ပိုးကောင်လေးတွေ ကိုက်နေသလို တစစ်စစ် နာကျင်ရတဲ့ ခံစားမှုကြီးပါလား။
သူများတွေ ကတော့ ကိုယ့်ချစ်သူ ကို  လွမ်းရင်လွမ်းလိုက်တာလို့ ဆိုပြီး  ဖွင့် အံကြပါလေရဲ့ …
ဂျီတော့မှာ ၊ ဖေ့ဘုတ် မှာ  စာတွေတင်ပြီးလွမ်းခွင့် ရှိသူများကို အားကျလိုက်တာ ...
ကျမမှာတော့ ... သူ့ ကို အဲဒီလို ပေါ်ပေါ်တင်တင်မလွမ်းရဲပါဘူး။ဘာလို့ လဲဆိုတော့ သူ့ မှာ သက်ဆိုင်သူ  ရှိနေလားကျမသေချာမပြောနိုင်လို့ ပါ…….
သူဟာရားဝင် အိမ်ထောင်မရှိတဲ့ လူလွတ်တစ်ယောက်ဆိုတာသေချာပေမယ့် သူ့ မှာ  သူ့ ရည်းစားလိုလိုမျိုး
ဒီလို ထင်မြင်ပြောဆိုနေတဲ့ ကျမကို လှောင်ချင်သလို ခနဲ့တဲ့ တဲ့  သူပြုံးရင်တော့ကျမဟာ ရှက်စိတ်နဲ့  သူ့ ရှေ့ ကနေ အငွေ့ ပျံ ပျောက်ကွယ် သွားချင်မိပါတယ်။ကျမ ရင်ထဲကို သူမြင်သွားပြီလားလို့  မလုံမလဲစိတ်ဖြစ်လို့ ပိုပြီးဟန်ဆောင်တင်းမာ မိ ပါ တယ်။ဒီလို တင်းမာနေပေမယ့်  သူကလည်း ကျမ ရဲ့  အတွင်းစိတ်ကို သိနေလေတော့  ဟန်ဆောင်နေတဲ့ ကျမကို မကျေနပ်ဘူးနဲ့တူပါရဲ့ ….
တကယ်တော့ ဟန်ဆောင်မြိုသိပ်ခြင်းဆိုတာ ကျမနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့  အရာတစ်ခုပါ။ဒါပေမယ့် ကျမ ခု ဟန်ဆောင်နေရပါတယ်။ သူ့ ကို ညိတွယ်နေပေမယ့် သံယောဇဉ်မရှိသလို ၊ အရိပ်တကြည့်ကြည့်စောင့်ကြည့်နေပေမယ့် လစ်လျှူရှုထားသလို ၊အချိန်တိုင်းသတိရနေပေမယ့် တစ်စက်လေးတောင် ခံစားမှု မရှိသလို  ကျမ ဟန်ဆောင်နေရတဲ့အခါ ရင်ထဲက နှလုံးသားဟာ ပေါက်ကွဲထွက်မတတ်ပါပဲ။
သူ ဟာ သိပ်ရက်စက်တတ်တဲ့သူပါ။ တကယ်ဆို ကျမ လိုချင်တဲ့ သေချာမှုတစ်ခုသာ ရရင် ကျမလေ ဘာမဆို ရင်ဆိုင်ရဲပေမယ့်  သူက ဘယ်တုန်းကမှ ကျမမျှော်လင့် တဲ့  စကားတစ်ခွန်းကိုမပြောခဲ့ပါဘူး။
ကိုယ်တကယ်မြတ်နိုးလာရင် ယောင်္ကျားတစ်ယောက်ဟာ သူချစ်တဲ့ မိန်းမကို ချစ်ခွင့် ပန် ကို ပန် မှာ သေချာပါတယ်။ခုတော့ သူက ကျမကို စိမ်းကားရက်လေတော့ ကျမ သံသယ၀င်မိပါပြီ။
သူ ချစ်နေတဲ့သူဟာ ကျမမဟုတ်တဲ့ တခြားတစ်ယောက်များလား
သူ့ ကို လွမ်းတဲ့စိတ်နဲ့  ကျမကမျက်ရည်သုတ်နေချိန်မှာသူတို့ နှစ်ယောက်က   ပျော်ရွှင်ကြည်နူးချစ်ရည်လူးနေကြမလား
ဒါဆိုရင်တော့ ကျမရဲ့ အလွမ်းဟာ သူတို့ အတွက် ဟားတိုက်စရာ များဖြစ်နေမလား
လား  - ပေါင်းများစွာ နဲ့  ကျမ ကို သံသယတော မှာ မောရအောင်ပစ်ထားတဲ့သူ့ ကို ကျမ စိတ်နာလှပါတယ်။အဲဒီလို စိတ်နာရင်းနဲ့လည်း လွမ်းဆွတ်လှပါတယ်။ကျမ ရဲ့ မျက်ကွယ်မှာ သူ ရှိနေတယ်ဆိုတာ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
ဖြစ်နိုင်မယ်ဆိုရင်လေ ……. သူ့ ရင်ခွင်ထဲပြေးဝင်ပြီး လှိုက်လှိုက်လှဲလှဲ ငိုပစ်ချင်လိုက်တာ …..
 ကျမ သူ့ ကို ချစ်ရတဲ့အချစ်က တိတ်တခိုးအချစ်ပါ။ ကျမ သူ့ ကိုလွမ်းရတဲ့ အလွမ်းကလည်း တိတ်တခိုး အလွမ်းပါ။အမြဲတမ်း သူ မသိအောင် သူ သွားတတ်တဲ့နေရာတွေမှာ စောင့် ပြီး ခိုးကြည့် ၊ သူ့ ဖေ့စ်ဘုတ်စာမျက်နှာတွေခိုးဖတ် ရတဲ့ ကျမဟာ ခု သူ့ ကို ခိုးပြီးလွမ်းနေရပါပြီ။
ဒီလို အကြည့်ခိုး ၊ အလွမ်းခိုးတွေ နဲ့  တိတ်တခိုး ကျမကို  သူ ဟာ တကယ်ပဲ ဥပေက္ခာပြုလိုက်ပြီလား
တွေးကြည့်ရုံနဲ့တောင် လောကကြီးမှာ အသက်ရှင်ရတာ အဓိပ္ပါယ် မဲ့သွားလိုက်တာ ….
သူမပါတဲ့ ဘ၀ခရီးကိုဆက်လျှောက်ဖို့   အင်အားမရှိပါလားလို့  ကိုယ့်ကိုယ်ကို သိလိုက်ရတဲ့အခါ ကျမဟာ
တုန်လှုပ်ခြောက်ခြားစွာနဲ့ သူ့ ကိုတမ်းတမိပါပြီ။ကျမ ရှေ့ မှာသူနောက်တစ်ခါပေါ်လာမယ့် အချိန်ကို စောင့်မျှော်နေမိပါပြီ။
နှလုံးသားထဲက အလိုလိုသိစိတ်တစ်ခုနဲ့ ကျမဆီ သူသေချာပေါက် ပြန်လာလိမ့်မယ်လို့ ကို ယုံကြည်မိပါရဲ့ ။
ရှင့် ချစ်သူဟာ ကျမ ပဲ ဟုတ်တယ်နော်  ၊  တစ်ခြားမိန်းကလေးတစ်ယောက်တော့ လုံးဝမဟုတ်နိုင်ပါဘူး။
ကျမတို့ ပြတ်သားကြရအောင်လားရှင်ရယ်……
ကျမ လေ ရှင့် ကိုမျှော်စောင့်ရတာမောလှပါပြီ။
ကျမ ကို သိမ်းပိုက်စေနိုင်မယ့်  စကားလေးတစ်ခွန်း ကိုသာ ရှင်ပြောလာခဲ့မယ်ဆိုရင် ကျမလေ ရှင့် နားမှာတစ်သက်လုံးနေပြီးပါရမီဖြည့်ပေးပါ့မယ်။
ကျမ စိတ်ကိုလှုပ်ခတ်စေတဲ့  ခနဲ့ပြုံးလေးနဲ့ အတူ ကျမရှေ့ကို ပြန်လာခဲ့ ပါ။
ရှင့် နှုတ်ဖျားက ကျမဘ၀တစ်ခုလုံးအတွက် အရေးအကြီးဆုံးစကားလေးကိုပြောပေးပါ။
အလွမ်းခိုးတွေ နဲ့  ကျမ  ရှင့်ကို မျှော်စောင့်နေပါတယ်  ။
 တိတ်တခိုးချစ်နေသူများသို့ ………
No comments:
Post a Comment
LinkWithin
Related Posts Plugin for WordPress, Blogger...
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်
ကြော်ငြာကဏ္ဍ
ဤနေရာတွင်ကြော်ငြာလက်ခံပြီ
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ