Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ခွန်အားပေးပါ အမေ

အမေ ………
အခု သမီးလေ အေးစက်မှောင်မည်း နေ တဲ့  အလုံပိတ် အခန်းကျယ် ကြီးထဲမှာ တစ်ယောက်တည်း ရှိနေသလိုပဲ…

အရာရာ မှောင်မိုက်လို့  အသိဥာဏ်တွေလည်း မလင်းလက်တော့ပါဘူး ..

ကြောက်လိုက်တာ အမေရယ် ..........
တစ်လောက လုံးမှာ ကိုယ် တစ်ယောက်တည်း ရှိနေသလို ခံစားချက် ကြီး ဖြစ်လာပြန်ပြီ ။
ခလုတ်ထိ မှ အမိတ ဆိုသလို ပဲ … ခု အမေ့ ကို တမ်းတ နေမိတယ်အမေ ….


သမီးလေ  အမှန်အတိုင်းပြောရရင်  အမေ မရှိတော့ပေမယ့် သမီးဘ၀ ကို သမီး ဘာသာ ပဲ့ ကိုင် ထိမ်းသိမ်းနိုင်တယ် လို့ ယုံကြည်ခဲ့ပါတယ်အမေ …..

 အမေ ရှိနေခဲ့စဉ် ကတည်းက သမီးကပဲ အမေ့  ကို ဆရာလုပ် ထိန်းချုပ်ခဲ့တာမဟုတ်လား
ဝတ်တဲ့  အ၀တ်အစား၊ ချက်တဲ့ အစားအသောက်၊ နေ့စဉ် အသုံးစားရိတ် အထိလိုက်ထိန်းချုပ်   ပြောဆို နေတဲ့  သမီးကိုဘယ်လိုသည်းခံစိတ်မျိုး နဲ့ လိုက်လျှော နေထိုင်ခဲ့တာလဲအမေရယ်

အမေ ဟာ သမီး လုပ်သမျှ အမြဲ အကောင်းမြင် အထင်ကြီးခဲ့တယ်
ငါ့ သမီးက မိဘ ကိုလုပ်ကျွေးနေတာ ၊ တအိမ်လုံးမှာ ပညာလည်းအတော်ဆုံး၊ စိတ်ကောင်းရှိတယ် ..ဆိုပြီး
တဖွဖွပြောနေလို့ များ သမီးက ကိုယ့် ကိုကိုယ် မာန်တက် ဘ၀င်မြင့် ခဲ့မိတယ်နဲ့ တူပါရဲ့ ……

တကယ်တော့ အမေ က ချစ်ခင်တဲ့ မျက်လုံးနဲ့  ကြည့်နေလို့  သမီးလုပ်သမျှ အကောင်းဆုံး ဖြစ်နေရတာ
သမီး မသိခဲ့ဘူးအမေရယ်………

အကြောမာမာ ၊ ခေါင်းမာမာ နဲ့  ကိုယ်ဖြစ်ချင်တာကို အတ္တကြီးကြီးနဲ့  လုပ်နေတဲ့ သမီး ကို
အမေ ဘာလို ဒီလောက် ချစ်ခင်လိုက်လျှော ခဲ့တာလဲဟင်

သက်လတ်ပိုင်းအရွယ်ရောက်နေတာတောင် မရင့် ကျက်ဘဲ စိတ်ထင်သလို နေနေတဲ့သမီး ကို ကြည်ဖြူ ပေးခဲ့တဲ့ အမေ့ မေတ္တာစေတနာ ကို သမီး အဲဒီတုန်းက ဘာလို့ မသိခဲ့တာပါလိမ့်…..

သမီး လေ …အမေ ဆုံးပြီးကတည်းက ခုချိန်ထိ တမ်းတ လွမ်းဆွတ် ခဲ့သမျှဟာ အမေ့ ကို ချစ်ခင်စိတ် သက်သက် နဲ့သာဖြစ်ပြီးအားကိုးချင်စိတ် မပါခဲ့တာ အမှန်တရားပါအမေ
အမေ မရှိပေမယ့်  သမီး ဟာ လောကကြီး အလယ် ရဲ ၀င့် စွာရပ်တည်နေနိုင်တယ်ဆိုပြီး မာန်ဝံ့ ခဲ့မိတယ်

ခုတော့ သမီးကိုယ်သမီး ယုံကြည်ချက်မရှိတော့လို့  လောကကြီးထဲမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတာ သင်ပေးပါ

ပြောပြပါရစေအမေ ……..

သမီးလေ အမေ့ လိုပဲ သမီးအပေါ် ချစ်ခင်ကြင်နာမယ်လို့ ထင်ရတဲ့ မေတ္တာရောင်ခြည်တန်းတစ်ခု နဲ့  ဆုံမိခဲ့တယ်

သမီးဟာ သိပ်ရိုးအ ပြီးလောကကြီးအကြောင်း မသိခဲ့တော့  ဒီရောင်ခြည်လင်းလေး ရဲ့ အောက်မှာ စိတ်ချစွာ ရင်ခုန်ပျော်ရွှင်ရင်းနဲ့ ယုံကြည်အိပ်မက် မက်ခဲ့မိတယ်……

မိခင်တစ်ယောက်ရဲ့  အနှိုင်းမဲ့ မေတ္တာ နဲ့ ချစ်ခင်စိတ် လိုမျိုး တခြားတစ်နေရာ က ရမယ်ထင်ခဲ့လို့ စိတ်ထင်တိုင်းကြဲခဲ့မိတဲ့ သမီးမိုက် ပါအမေ ……

အမေ့ လို …… သမီးပြောသမျှ အပြုံးမပျက် မညီးမညူ  နားထောင်ပေးမယ် ထင်ခဲ့မိတယ်
အမေ့ လို ….. သမီးလုပ်ချင်တာမှန်သမျှ မကဲ့ ရဲ့ ဘဲ အားပေးထောက်ခံမယ် ထင်ခဲ့တယ်
အမေ့ လို …… ဘာပဲဖြစ်ဖြစ် သမီးဘက် က ရပ်တည်ပေးမယ် ထင်ခဲ့တယ်
အမေ့ လို ….. သမီးပြောမှားဆိုမှား ရှိတာတွေကို အညှိုးအတေးမထားဘဲ    ခွင့် လွှတ်နိုင်မယ်
ထင်ခဲ့မိတယ်             
အမေ့လို ….. သမီးဆိုးနွဲ့ စိတ်ကောက်သမျှ အပြုံးမပျက်သည်းခံနိုင်မယ် ထင်ခဲ့တယ်
အမေ့ လို ……. သမီးဝမ်းနည်းအားငယ်နေရင် နှစ်သိမ့် ဖြေသိမ့်ပေးမယ် ထင်ခဲ့တယ်
အမေ့ လို ……. သမီးဘ၀ ကို ဖေးမကြင်နာပြီးစောင့်ရှောက်မယ်ထင်ခဲ့တယ်
အမေ့ လို ….. သမီးနောင်ရေးကို ပူပန် ပေးမယ်ထင်ခဲ့တယ်
အမေ့ လို …… သမီးမျက်ရည် ကို သုတ်ပေးမယ် ထင်ခဲ့တယ်

ဒါပေမယ့် နောက်ဆုံးတော့  သမီး ထင်တာတွေ ဟာ ဖြစ်မလာခဲ့ပါဘူး
သမီးရခဲ့တာ လေတိုက်တိုင်း ပုံစံပြောင်း ပြီးလွင့် မျောနေတတ်တဲ့ တိမ်စိုင်ခဲလို
 မေတ္တာမျိုးဖြစ်နေပါရောလားအမေ ရယ်  .....

ထင်မထားခဲ့လို့  ဖြေမဆည် နိုင်ခဲ့ပါဘူး

တစ်ဘ၀ လုံး အတွက်လို့ ယုံကြည် ကိုးစားထားခဲ့တဲ့   မျှော်လင့် ချက် ပျောက်ဆုံးသွားတဲ့  လူတစ်ယောက် ဟာ ဘယ်လိုအသက်ဆက်ရှင် ရမလဲအမေ

သမီးကို ခွန်အားတွေ ပေးပါဦး အမေရယ် .....

သမီးလေ ဒီလို အားငယ်ညှိုးနွမ်းနေတဲ့  ကိုယ့် ကိုယ်ကို မမြင်ချင်လို့ ပါ။
 သမီးမှာ လုပ်နေတာတွေ ၊လုပ်ချင်တာတွေ ၊ လုပ်ရဦးမှာ တွေ အများကြီးကျန်သေးတယ်၊
ဒါပေမယ့် လောလောဆယ် သမီး ရင်ထဲ နှလုံးသားထဲ ဗလာ ဖြစ်နေပြီး စိတ်အာရုံတွေ စုစည်းလို့  မရဘူးဖြစ်နေတယ်အမေရယ်

ဒါကြောင့် သမီး ဒီအမှောင်ခန်း ထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ရင်း  အမေ့  ဆီက ခွန်အားတွေ ယူမယ်နော်..

အခု  အမေ့ ဆီက ရခဲ့တဲ့  ချစ်ခြင်းမေတ္တာ တရားတွေ ကို ပြန်တွေးတော ခံစားနေပါတယ်အမေ …..

အမေ့ ရဲ့  အေးချမ်း ပြုံးချိုနေတဲ့  မျက်နှာကို မြင်ယောင်ရင်း နာကျင်စွာ စီးကျနေတဲ့ သမီးမျက်ရည်တွေ တိတ်အောင် လုပ်မယ်အမေ ……

အမေ့ ရဲ့  နူးညံ့ ကြင်နာတဲ့ စကားသံ ကို နားအာရုံဆင်ရင်း သံရည်ပူလို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့  ပစ်ပေါက်ခံခဲ့ ရတဲ့  အဖြစ်ကိုမေ့ပစ်မယ် အမေ…..

သမီး ပြန်ထမှ ဖြစ်မယ်အမေ …..
 ဘ၀ ရဲ့ တန်ဖိုးရှိလှတဲ့  အချိန်တွေဖြုန်းပစ်ပြီးဒီအမှောင်ခန်းကြီးထဲမှာ  ကြာကြာမနေချင်ဘူးအမေရယ်
ကြည်လင်သန့် စင်တဲ့ ကန်ရေပြင်ထက်က ကြာပန်းဖြူ လို ဘ၀ မှာ လှပ၀ံ့ ကြွားစွာ ပွင့် လန်းရှင်သန်ချင်ပါ တယ်အမေ

အရင်လို အမေ အားကိုး ရတဲ့  ထက်မြက်ထူးချွန်ပြီး စိတ်ဓါတ်မာကျောကြ့ံခိုင်တဲ့  သမီး ပြန်ဖြစ်ချင် လို့  အမေ့ ရဲ့  အနှိုင်းမဲ့ ချစ်ခြင်းတရားကနေ စီးဆင်းလာတဲ့   ခွန်အားတွေ ပေးပါလို့ သမီး အနူးအညွတ်
 တောင်းပန်ပါတယ်အမေ



ခံစားနားလည်နိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ