Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

သွေးအိုင်ထဲမှ ကျောင်းစိမ်းလေးများ

လူ့ဘဝ သက်တမ်း တိုတိုလေးတွင် နေထိုင်သွားလာ လှုပ်ရှားရ သည်မှာ လွယ်ကူလှသော အရာ မဟုတ်ပေ။ နေ့စဉ် သတိကပ် သတိချပ်လျက် လှုပ်ရှား သွားလာနိုင်မှသာလျှင် တော်ရာ ကျသော အခြေအနေ ဖြစ်သည်။ ယနေ့ တိုးတက်နေသော ခေတ်တွင် ပိုမို ဂရုတစိုက်ဖြင့် သတိထား သွားလာ သင့်သည်။ သွားသတိ စားသတိလို့ ရှေးလူကြီးများ ပြောလေ့ ရှိသည် မဟုတ်ပါလား။

ယနေ့ အချိန်တွင် သွားသတိ ဆိုသည်မှာလည်း အရေးကြီး သကဲ့သို့ စားသတိ ဆိုသည်မှာ လည်း အဓိက ကျနေပြန် သည်။ ယခုဆိုလျှင် အခြား နိုင်ငံများမှ တင်သွင်းသော မုန့်များမှာ ထုပ်ပိုးပုံ လှပသေသပ် သော်လည်း ထုတ်လုပ်မှု အတွက် စိတ်မချ ရသည်က များသည်။ ကိုယ့် နိုင်ငံအတွင်း မှာပင် ထုတ်လုပ်ခွင့် မရှိသော ခွင့်ပြုမိန့် မရှိသော အစားအသောက် ပစ္စည်း မျိုးစုံကို ထုတ်လုပ် ရောင်းချ နေသည်မှာ မရေတွက် နိုင်ပေ။ ကျွန်မတို့ ငယ်စဉ် ယခင့်ယခင် တုန်းက။ ကျွန်မတို့ အခေါ် ထိုင်းပစ္စည်းများ ထိုင်း အစားအသောက် များကို သူတို့နည်းတူ စားသုံး ခဲ့ရဖူးသည်။ ထိုစဉ်က အခြား နိုင်ငံအတွက် အရည်အသွေး နိမ့်သို့မဟုတ် မြင့်သည့် ပစ္စည်း သီးသန့် ထုတ်လုပ် ရောင်းချသည် ဆိုသည်မှာ မရှိ သလောက်ပင်။ ထိုင်းမှ ဂျယ်လီဘူး များကို ထိုင်းမှ ကလေးများ စားသကဲ့သို့ပင် ကျွန်မတို့ စားခဲ့ရသည်။

တစ်ဖက်မှ လှေဖြင့် လာရောင်းသော စားသောက်ကုန် များ မုန့် အပါအဝင် အသုံးအဆောင် ပစ္စည်းများကို ကျွန်မတို့ ဘက်မှ ရွှေစသည့် တန်ဖိုးရှိ ပစ္စည်းများဖြင့် လဲလှယ် ဝယ်ယူ ကြသည်။ ဒါပေမဲ့ ပေါ်တင် ဝယ်ယူသုံးစွဲ ရခြင်း မဟုတ်။ သို့သော် အရသာမှာ ယခုနှင့် တခြားစီပင် ဖြစ်သည်။

ယခု ကျောင်းသွားတိုင်း၊ ကျောင်းမုန့် ဈေးတန်း ရောက်တိုင်း ကြားနေ ရသည်။ ကိုရီးယား ထမင်းလိပ်၊ တရုတ်မှ လာသော ရေညှိခြောက်၊ နို့ခဲအပြင် အစပ်မှုန့် ဖြူးထားသော အသားချောင်း ပုံစံ မုန့်ထုပ် များနှင့် အချိုရည် ပြင်းရှရှ များကို ကလေးများ ကိုယ်တိုင် လွတ်လပ်စွာ ဝယ်ယူစားသုံး နိုင်ကြသည်။ ထိုမုန့်များကို ကလေးများက ကြိုက်နှစ်သက်စွာ စားကြ သည်ကိုလည်း တွေ့ရသည်။ လိုချင်တာ မရလျှင် ပူဆာတတ်သော ကလေးကို မိဘများ ကလည်း နားအေးလျှင် ပြီးရော သဘောဖြင့် ဝယ်ကျွေး ကြသည်။ ခဏတာ စိတ်ချမ်းသာမှု အတွက် နောင် ပင်ပန်းရမည့် ရက်များကို ထည့်တွေး ပါရဲ့လား ဆိုသည်မှာ စဉ်းစား စရာပင်။ ထို ရေညှိမုန့်ကို ကလေးများ ဘာကြောင့် ကြိုက်နှစ်သက် သလဲဟု စဉ်းစားမရ ဖြစ်မိသည်။ ကိုယ်တိုင် ဝယ်စားကြည့် တော့ လျှာပေါ်တွင် ပူစပ်ပူစပ် နှင့် လည်ချောင်း တစ်လျှောက် ပူဆင်း သွားသည်။ မသိလျှင် လျှာပေါ်တွင် တစ်ခုခု ပေါက်ကွဲ နေသည့် ခံစားချက်မျိုး။ သည်လို ဆိုးရွားလှသည့် အရသာကို နှစ်နှစ်ခြိုက်ခြိုက် စားနေသော ကလေးများကို မိဘများက ဘာကြောင့် ခွင့်ပြုကြ ပါသလဲ။ သူတို့ ကိုယ်တိုင်ရော ဒီအရသာကို မြည်းစမ်း ကြည့်ဖူး ပါသလား။ တွေးစရာ တစ်ပုံတပင် နှင့် သနားစရာ ကလေးငယ်များ ပါလား။

တစ်နေ့ ကျောင်းဈေးတွင် ကလေးအမေ တစ်ဦးက ရေညှိထုပ်များ ဝယ်ရင်း ''ကျွန်မတော့ မစားနိုင်ဘူး၊ လျှာပြတ် သွားမလား ထင်ရတယ်။ ကလေးတွေက မစားရရင်စိတ်ကောက် ကြတယ်။ မရရင် ငိုရော၊ အဲဒီတော့ သူတို့ စိတ်ချမ်းသာအောင် ဝယ်ပေး လိုက်တယ် ... '' ထိုစကား ကြားတော့ စိတ်မကောင်း ဖြစ်မိသည်။ ကလေးများ၏ နုနယ်သည့် ဝမ်းတွင်း ကလီစာများ ဘယ်လိုဖြစ် နေမည်နည်း။ ငိုခြင်းခဏ အတွက် နောက်ဆက်တွဲ ဖြစ်လာမည့် အရေး များမှာကား ပြောမပြ နိုင်လောက် အောင်ပင်။ အသိဉာဏ် မပြည့်ဝသေးသော ကလေးများကို လူကြီးများက လမ်းညွှန် တည့်မတ် ပေးရမည့်အစား စိတ်ကို အလိုလိုက် ပေးကြသည်။ ထို အစားအသောက် တစ်ခုတည်း တင်မကပါ။ အခြားအရာ များလည်း အများကြီး ရှိနေ သေးသည်။

တစ်နေ့ ကျွန်မတို့ အိမ်အနီး ကျူရှင်တစ်ခုကို ကလေး တစ်ယောက် ဆိုင်ကယ်စီး လာတာ မြင်မိသည်။ ကလေးမှာ ခြောက်တန်း (သို့မဟုတ်) ခုနစ်တန်း လောက်သာ ရှိမည်။ ဆိုင်ကယ်စီး လာသော ကလေးမှာ ခေါင်း ကလေးသာ မြင်နေရသည်။ ဆိုင်ကယ်ပေါ်က ဆင်းလိုက် သောအခါ ဆိုင်ကယ်နှင့် လူ တစ်တန်းတည်း ဖြစ်သွားသည်။ ဘယ်လောက်ပဲ လူရှင်းသည့် လမ်းဖြစ်ပါစေ မိဘများက စိတ်ချလက်ချ လွှတ်လိုက် သည်ကိုတော့ အနည်းငယ် စိတ်တို မိသည်။ အခြားမဟုတ်။

ယနေ့ များပြားစွာ တိုးတက်လာသော မန္တလေးမြို့၏ ဆိုင်ကယ်စီး လူတန်းစား များသည် စည်းကမ်း ဆိုသည်ကို ကြားဖူးရုံသာ ရှိသည့် အနေ အထားတွင် ဖြစ်နေသောကြောင့် ဖြစ်သည်။ ဆိုင်ကယ်စီး ဦးထုပ်မပါ၊ လိုင်စင် မပါဖြင့် ယာဉ်ထိန်း ရှောင်မောင်း၊ မီးပွိုင့် ရှောင်မောင်း၊ အရှိန်မြှင့် မောင်း ရသည်ကိုက သတ်မှတ် မထားသည့် စည်းကမ်း တစ်ခုလို ဖြစ်နေသည်။ သည်လို လူများကြားထဲ ဆိုင်ကယ်စီး ရသည်မှာ ကျွန်မတို့ အသက်ကို ဖက်နှင့် ထုပ်ထားသလိုပင် ဖြစ်နေရသည်။ သည်လို အခြေအနေကို ဂရုမစိုက် သည်လား၊ အလေးမထား သည်လား မပြောတတ် အောင်ပင်။ ကလေးကို စိတ်ချထားသည် များလား။

တစ်နေ့ ကျူရှင် စောင့်ရင်း ကျောင်းသား မိဘတစ်ဦး နှင့် စကားပြော ဖြစ်သည်။ ကလေးမှာ ရှစ်တန်း ကျောင်းသား ဖြစ်သည်။ ဆိုင်ကယ် စီးချင်သည် ဆိုသဖြင့် နောက်ဆုံးပေါ် ဆိုင်ကယ်ကို မိဘများက ဝယ်ထား ပေးသည်။ ကျူရှင်ကိုတော့ ပေးစီးပြီး အမေ ဖြစ်သူက နောက်မှလိုက် လာခြင်း ဖြစ်သည်။ ဆိုင်ကယ် ဝယ်ပေးပြီးမှ စာပို လုပ်သည်ဟု အမေဖြစ် သူက ပြောပြသည်။ အတန်းဖော် သူငယ်ချင်း အချို့ ဆိုင်ကယ်နှင့် လာသဖြင့် ကျောင်းသို့ ဆိုင်ကယ်ဖြင့် သွားလို သော်လည်း ခွင့်မပြုကြောင်း ပြောပြသည်။ ယနေ့ခေတ် တွင် ကျောင်းသို့ စက်ဘီးနှင့် သွားကြ သည်မှာ နည်းသွားပြီ ဖြစ်သဖြင့် မထူးဆန်း သော်လည်း အလယ်တန်း အရွယ် ကျောင်းသား တစ်ဦးအနေဖြင့် ငယ်လွန်းသည်ဟု မြင်မိသည်။ အသက် ဆယ့်ရှစ်နှစ် ပြည့်မှ မော်တော်ယာဉ် မောင်းနှင်ခွင့် ပေးထား သော်လည်း ယခုလို အရွယ် မရောက်သေးသည့် ကျောင်းသားများ မောင်းနေကြ သည်ကို မျက်နှာလွှဲ ခွင့်ပြု ထားသည် ကတော့ တစ်ခုခု မှားယွင်း နေသည် ဟု ခံစားမိသည်။ သို့သော်လည်း လမ်းမပေါ်တွင် အဖြူ၊ အစိမ်းနှင့် ဆိုင်ကယ်များ ဟိုဒီ ပြေးလွှား နေကြဆဲပင်။

တစ်နေ့ ကျောင်းဆင်းချိန် အိမ်ရှေ့တွင် ထိုင်နေစဉ် ဆိုင်ကယ်နှစ်စီး အပြိုင် မောင်းလာ ကြသည်။ အသံကြား၍ လှမ်းအကြည့် တွင် အဖြူ၊ အစိမ်း ဝတ်စုံလေးသာ တွေ့လိုက် ရသည်။ မျက်နှာမမြင်ရ။ သိပ်မကြာပါ 'ဝုန်း' ဆိုသည့်အသံ နှင့်အတူ ကျွန်မအိမ် နှင့် မလှမ်းမကမ်း တွင် လူတွေ ဝိုင်းအုံ နေကြသည်။ စိုးရိမ် ပူပန်သော စိတ်များဖြင့် ထရပ်မိသည်။ အတွေးတို့ ဝေဝါးလျက် မဖြစ်ပါစေနှင့် ဟု ဆုတောင်း မိသည်။ ခြေလှမ်းများ ယိုင်နေသည်။ လူအုပ်ကြား တိုးဝင်မိ လိုက်သည်။ ကျွန်မ ဆုတောင်း မပြည့်ခဲ့ပါ။ မြင်ရသည့် မြင်ကွင်းက လူကို တုန်လှုပ် သွားစေသည်။ အစောက ဆိုင်ကယ်စီး သွားသော ကလေးမှာ တစ်ဦးတည်း မဟုတ် သုံးဦး။ နှစ်ဦးက လွင့်ကျလျက် တစ်ဦးက ဆိုင်ကယ် အောက်မှာ ပိလျက်။ တစ်ဖက်မှ လာသော စက်ဘီးနှင့် တိုက်မိခြင်း ဖြစ်သည်။ ကလေးများကို ဝိုင်းဝန်း လှုပ်နှိုး နေကြသည်။ အမေးသာ ရှိပြီး အဖြေပြန် မလာသော အခြေအနေ တွင် အမျိုးမျိုးသော ပြောဆိုသံ တွေကြား ဘာမှဆက်မမြင် မိတော့။ မျက်လုံးထဲ ရဲရဲထ နေသော သွေးများ။ ထိုသွေးများ ကြားမှာတော့ အဖြူနှင့် အစိမ်းလေးများ. . . ။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ