Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ဒေသတွင်းမှာလည်း မြန်မာ နောက်ကျနေပြီ


အာရှသတင်းကွန်ရက် (ANN) အဖွဲ့ဝင်နိုင်ငံများမှ အယ်ဒီတာများ ဗီယက်နမ်သတင်းအေဂျင်စီသို့ စက်တင်ဘာ ၁၉ ရက်တွင် သွားရောက်လေ့လာစဉ်
(၁) အာဆီယံဒေသဟာ တည်ငြိမ်ပြီး တိုးတက်မှုရှိတယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောလေ့ရှိပါ တယ်။ အမေရိကန် အပါအဝင် အင်အားကြီး ဥရောပနိုင်ငံတွေက အာရှပစိဖိတ်ဒေကို အာရုံစိုက်လာချိန်မှာ ပိုပြောခဲ့ပါတယ်။

အာဆီယံပြည်သူ အားလုံးအတွက် လက်တွေ့မဆန်သလို ဖြစ်ခဲ့ပါတယ်။ လေအေးပေးစက်တပ် အစည်း အဝေး ခန်းထဲမှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးနေပေမယ့် ပြည်သူတွေက သူတို့နဲ့ဝေးရာမှာ ရုန်း ကန်နေရတာ အမှန်ပါပဲ။

အာဆီယံဒေသရဲ့ တိုးတက်မှု၊ တည်ငြိမ်မှုကိုပြောရင် နှိုင်းယှဉ်ပုံခြင်း မတူပါဘူး။ စီးပွားရေးအရ နိုင်ငံတချို့ တိုးတက်မှုရှိတာ မှန်ပါတယ်။ ဒီမိုကရေစီဖြစ်ထွန်းမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တိုးတက်မှု မရှိပါဘူး။

အာဆီယံနိုင်ငံတွေမှာ အာဏာရှင်စနစ် (ဒါမှမဟုတ်) အာဏာရှင်စနစ်နီးပါး ကျင့်သုံးတဲ့ နိုင်ငံငါးနိုင်ငံ ရှိပါတယ်။ အဲဒီထဲမှာ မြန်မာပါပါတယ်။ အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီအယောင်ပြ အုပ်ချုပ်တာ သုံးနိုင် ငံရှိပါတယ်။ ထိုင်းနိုင်ငံ ပါပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံပဲ ရှိပါတယ်။ လက်တွေ့အားဖြင့် နိုင်ငံရေးအရ အာဆီယံဒေသဟာ တည်ငြိမ်နေတယ်လို့ မဆိုနိုင်ပါဘူး။

ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အာဆီယံနိုင်ငံတွေ နောက်ကျနေပါတယ်။

(၂) နိုင်ငံရေးအရ နောက်ကျပေမယ့် စီးပွားရေးအရ တိုးတက်တဲ့နိုင်ငံတွေ ရှိနေပါတယ်။ တစ်နိုင်ငံချင်းစီအ လိုက် တိုးတက်မှု ရှိခဲ့ပါတယ်။

အရင်က အာဆီယံနိုင်ငံတွေထဲမှာ ဖွံ့ဖြိုးမှုအနည်းဆုံး သတ်မှတ်ခံရတာ လေးနိုင်ငံရှိပါတယ်။ ဗီယက်နမ် ၊ မြန်မာ ၊ ကမ္ဘောဒီးယား၊ လာအိုတို့ ဖြစ်ပါတယ်။ အခုချိန်မှာ ဗီယက်နမ်က ဒီသတ်မှတ်ချက်ကနေ ရုန်း ထွက်နိုင်ပါပြီ။ မြန်မာနဲ့လာအိုက ရုန်းကန်နေရပါတယ်။

အာဆီယံနိုင်ငံတွေထဲ နိုင်ငံရေးအရ မဟုတ်ဘဲ စီးပွားရေးတိုးတက်မှုရခဲ့တဲ့ နိုင်ငံတွေကို ပြန်ကြည့်ရင် မိုဘိုင်း ဖုန်းနည်းပညာ အသုံးချနိုင်မှု အဓိကကျပါတယ်။ အခြေခံဆက်သွယ်ရေးစနစ် ခိုင်မာမှုနဲ့ နည်းပညာသုံး ဈေး ကွက်ချဲ့ထွင်နိုင်မှုက အခြေခံပြည်သူတွေရဲ့ တိုးတက်မှုကို ထိုက်သင့်သလောက် ဖြစ်ထွန်းစေပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ အခြေခံဆက်သွယ်ရေးစနစ် မရေရာမှုနဲ့ နည်းပညာသုံးဈေးကွက် မချဲ့ထွင်နိုင် တာ မြန်မာတစ်နိုင်ငံပဲ ရှိပါတော့တယ်။

(၃) ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာရှသတင်းကွန်ရက် (ANN) အဖွဲ့ဝင် နိုင်ငံတွေရဲ့ အယ်ဒီတာ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စက်တင်ဘာ ၁၇ ရက်ကနေ ၁၉ ရက်အထိ ပြုလုပ်ခဲ့ တာပါ။ အဲဒီအစည်းအဝေးတက်ရင်းကပဲ မြန်မာနိုင်ငံ နောက်ကျနေတဲ့ အချက်တွေကို ပိုသိလာရပါတယ်။

Eleven Media Group က ANN အဖွဲ့ဝင် ဖြစ်ပါတယ်။ ANN ကို အာရှနိုင်ငံ ၁၉ နိုင်ငံက သတင်းဌာန ၂၂ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဟနွိုင်းမှာလုပ်ခဲ့တဲ့ အစည်းအဝေးက ANN အဖွဲ့ဝင် သတင်းဌာနတွေက အယ်ဒီ တာတွေ တွေ့ခဲ့ကြတာပါ။ အယ်ဒီတာချုပ်တွေ တစ်နှစ်တစ်ကြိမ် တွေ့ကြပေမယ့် အယ်ဒီတာတွေတွေ့ပြီး အစည်းအဝေးလုပ်တာ ဒါပထမဆုံးအကြိမ်ပါပဲ။

အစည်းအဝေးမှာ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ ရှေ့ဆက်သွားမယ့် ANN လုပ်ငန်းစဉ်တွေကို အသေးစိတ် ဆွေးနွေးပါတယ်။

(၄) တစ်နိုင်ငံချင်းစီအလိုက် ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တိုးတက်မှုဆိုတာ နိုင်ငံအားလုံးထက် နောက်ကျနေတယ်ဆိုတာကို တွေ့ရပါတယ်။

အခြေခံအားဖြင့် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ပေါ်လာတာ နှစ်ပိုင်းပဲ ရှိပါသေးတယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြား သတင်းဌာနတွေကို အစိုးရ၊ အစိုးရနဲ့ ဆက်နွှယ်နေသူ ခရိုနီလုပ်ငန်းရှင်တွေကပဲ ပိုင်ထားပါတယ်။

သတင်းဌာနတွေရဲ့ အခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ် အခြေမခိုင်သေးပါဘူး။ နောက်ပြီး
မြန်မာနိုင် ငံ က သတင်းဌာနတိုင်း သတင်းဝက်ဘ်ဆိုက် မရှိသေးသလို ဒစ်ဂျစ်တယ်သတင်းစာ၊ E-Paper၊ အွန်လိုင်းမီဒီယာနဲ့ မိုဘိုင်းဖုန်းကတစ်ဆင့် အခကြေးငွေနဲ့ သတင်းဖြန့်ဝေမှုဆိုတာ စာဖတ်သူတွေနဲ့ အလှမ်း ကွာနေပါတယ်။

ANN အဖွဲ့ဝင် နိုင်ငံအများစုမှာ ဒါတွေက အခက်အခဲ မဟုတ်တော့ပါဘူး။ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာ ဒီလိုအခက်အခဲတွေ မရှိတော့ပါဘူး။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာ၊ ဘရူနိုင်းတို့လို နိုင်ငံတွေတောင် အခြေအနေ
ကောင်းတစ်ခုကို ဖြတ်သန်းနေပါပြီ။

ဗီယက်နမ်မှာလည်း မြန်မာနိုင်ငံမှာ ရင်ဆိုင်ရတဲ့ အခက်အခဲပုံစံမျိုး သိပ်မရှိပါဘူး။ ဗီယက်နမ်အစိုးရ
ကျောထောက်နောက်ခံပြုထားတဲ့ ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထောက်ရာခိုင်နှုန်း ၉ဝ ဟာ အင်တာနက်ကိုသုံးပြီး သတင်းပေးပို့တာကို လုပ်ကိုင်နေပါတယ်။ မကြာသေးခင်ကပဲ TTXVN ဆိုတဲ့ သတင်းသီးသန့် ရုပ်သံလိုင်းကို ဗီယက်နမ် သတင်းအေဂျင်စီက လုပ်ခဲ့ပါတယ်။ TTXVN က ဗီယက်နမ်ရဲ့ CNN ပဲလို့ ဗီယက်နမ်ပြည်သူတွေက ပြောပါတယ်။ တကယ်တော့ ဗီယက်နမ်သတင်းအေဂျင်စီဟာ အစိုးရရဲ့ Mouthpiece ဖြစ်ပါတယ်။

(၅) ANN အဖွဲ့ဝင်နိုင်ငံ သတင်းဌာနတွေ ကြုံတွေ့နေရတဲ့ အဓိကအခက်အခဲက အွန်လိုင်းအသုံးပြု လူမှုကွန်ရက်မီဒီယာရဲ့ လွှမ်းမိုးလာမှုကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။

မိုဘိုင်းဖုန်းကို လူတိုင်းသုံးပါတယ်။ မိုဘိုင်းအသုံးပြု လူမှုကွန်ရက် သတင်းစီးဆင်းမှု ဖြစ်လာပါတယ်။ သတင်းစီးဆင်းမှုက ပိုပြီးမြန်ဆန်လာတယ်။ မှန်ကန်တိကျမှုနဲ့ အချက်အလက် ခိုင်မာမှုကို ဦးစားပေးတဲ့ သတင်းဌာနကြီးတွေအတွက် အခက်အခဲ ဖြစ်လာပါတယ်။ သတင်းဌာန ဝက်ဘ်ဆိုက်တွေရဲ့ တင်ဆက် အပေါ် စိတ်ဝင်စားမှု လျော့ကျလာပါတယ်။

မိုဘိုင်းအသုံးပြု လူမှုကွန်ရက်လို့ ဆိုတဲ့အခါ Facebook တစ်ခုတည်း မဟုတ်တော့ပါဘူး။ ထိုင်းမှာဆိုရင် Line ကို အသုံးများပါတယ်။ တရုတ်မှာ WeChat ကို ပိုသုံးလာပါတယ်။ Tango၊ QQ၊ WhatsApp စတာတွေက Pfingo၊ Skype နဲ့ Y! Messenger လို တခြား Messenger တွေကို ကျော်ဖြတ်သွားပါပြီ။ အာရှနဲ့ အာဆီယံနိုင်ငံတွေအကြား ဘုံအနေနဲ့ Viber ကို အများဆုံး သုံးလာပါတယ်။

မြန်မာနိုင်ငံမှာ Facebook နဲ့ Viber ကို အသုံးများလာပါတယ်။ WeChat သုံးတဲ့သူတွေ ရှိလာပါပြီ။ ဒါပေမဲ့ တခြားအာဆီယံနိုင်ငံတွေမှာ သုံးနေတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် နည်းပါသေးတယ်။ မိုဘိုင်းဖုန်းသုံးနိုင်တဲ့သူ အရေအတွက် အနည်းအများနဲ့ သက်ဆိုင်ပါတယ်။ အင်တာနက်မြန်နှုန်း ကောင်းခြင်း၊ မကောင်းခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။

(၆) မိုဘိုင်းအသုံးပြု လူမှုကွန်ရက် သတင်းစီဆင်းမှုမှာ နေရာယူနိုင်ဖို့ ANN အဖွဲ့ဝင် အယ်ဒီတာတွေ အပြင်းအထန် ဆွေးနွေးခဲ့ပါတယ်။ သမားရိုးကျ သတင်းစီးဆင်းမှုပုံစံက အလုပ်မဖြစ်တော့ပါဘူး။ SMS၊ E-Paper၊ iSnap၊ ဒစ်ဂျစ်တယ်သတင်းစာတွေကို မိုဘိုင်းက အလွယ်တကူဖတ်နိုင်တဲ့ အခြေအနေရောက်
အောင်လုပ်ဖို့ အဖြေရှာကြပါတယ်။
အာဆီယံနိုင်ငံ အများစုဟာ မိုဘိုင်းအင်တာနက်ခေတ် တော်လှန်ရေးကို ဖြတ်သန်းပြီးခဲ့ပါပြီ။ အခြေခံဆက် သွယ်ရေးစနစ်နဲ့ အင်တာနက်မြန်နှုန်းက သူတို့အတွက် ပြဿနာမဟုတ်တော့ ပါဘူး။ မြန်မာနိုင်ငံက မိုဘိုင်း အင်တာနက်ခေတ် တော်လှန်ရေးကို ဖြတ်သန်းဖို့ အခုမှ တာစူနေ ပါတယ်။ တကယ်လုပ်မယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်အတွင်း ကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် မိုဘိုင်းအော်ပရေတာခွင့်ပြုတဲ့ ကိစ္စမှာတင် . . . . .
Eleven Media Group က တခြား ANN အဖွဲ့ဝင် နိုင်ငံတွေနဲ့နည်းတူ ဒစ်ဂျစ်တယ်သတင်းစာကို စတင် ထုတ်ဝေနေပါပြီ။ မိုဘိုင်းဖုန်းကတစ်ဆင့် SMS ပေးပို့တဲ့ သတင်းစီးဆင်းမှုကိုလည်း လုပ်ခဲ့ပြီးပါပြီ။ မိုဘိုင်း အင်တာနက်သုံးပြီးကြည့်နိုင်တဲ့ iSnap ကို လုပ်ခဲ့ပါတယ်။ Facebook ကတစ်ဆင့် သတင်းဖြန့်ဝေမှုကိုလည်း လုပ်ခဲ့ပါတယ်။ မြန်မာ၊ အင်္ဂလိပ် သတင်းဝက်ဘ်ဆိုက်ကို အခိုင်အမာ တည်ဆောက်ထားပါတယ်။ WebTV ကတစ်ဆင့် ရုပ်သံသတင်းတွေ ဖြန့်ဝေပါတယ်။ ဒစ်ဂျစ်တယ်သတင်းစာနဲ့ SMS ကလွဲလို့ အများစုကို အခမဲ့ဖတ်ရှုလေ့လာခွင့် ပေးခဲ့တာပါ။ ကျန်တဲ့နိုင်ငံ အများစုမှာ အခကြေးငွေပေးပြီး ဝယ်ယူဖတ်ရှုရပါတယ်။ ဒါက တခြားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံ မတူတဲ့အချက်ပါ။

(၇) ANN အဖွဲ့ဝင် အယ်ဒီတာတွေ ဆွေးနွေးကြတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက လူမှုကွန်ရက် သတင်းဖြန့်ဝေမှုတွေမှာ တာဝန်ယူမှု ကင်းမဲ့ခြင်းပြဿနာ ဖြစ်ပါတယ်။

သတင်းဌာနကြီးတွေက ပေးပို့တဲ့ပုံစံနဲ့ သတင်းတွေကို ပုံမှားရိုက်ဖြန့်ဝေတာ၊ သတင်းဌာနကြီးတွေနာမည်နဲ့ ဝက်ဘ်ဆိုက်အတု၊ လူမှုကွန်ရက် အတုလုပ်ပြီး သတင်းဖြန့်ဝေတဲ့ အချက်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း အဲဒီပုံစံတွေ ဖြစ်နေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ မတူတာက တခြားနိုင်ငံတွေမှာ ထိရောက်တဲ့အရေး ယူမှုတွေ ရှိတဲ့အချက်ပါ။

ANN အဖွဲ့ဝင် အယ်ဒီတာတွေနဲ့ စကားပြောတဲ့အခါ သူတို့နိုင်ငံတွေမှာ အစိုးရကဦးဆောင်ပြီး ‘လူမှုတာ ဝန်သိ မီဒီယာ’ ဆိုတာကို သိပ်မပြောပါဘူး။ လူမှုကွန်ရက်မီဒီယာနဲ့ သတင်းဌာနတွေကို ကွဲကွဲပြားပြား နားလည်သဘောပေါက်ထားပါတယ်။

မီဒီယာအငြင်းပွားမှုတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအတိုင်းပဲ သွားပါတယ်။ လူမှုကွန်ရက်မီဒီယာ အငြင်းပွားမှု ပြဿနာတွေမှာလည်း ဥပဒေအတိုင်းပဲ လုပ်ကြပါတယ်။ လူမှုကွန်ရက်ပေါ်က ပရမ်းပတာဆန်မှု၊ အချက်အလက် မခိုင်မာမှုတွေကို ဥပဒေအတိုင်း ကိုင်တွယ်တယ်လို့ ဆိုပါတယ်။

ဝက်ဘ်ဆိုက်အတု၊ လူမှုကွန်ရက်အတု လုပ်တာပဲဖြစ်ဖြစ်၊ အင်တာနက်သုံးပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်၊ လှုံ့ဆော်မှုတွေ ရှိတယ်ဆိုရင် ပထမဆုံး အဲဒါတွေကို ဖယ်ရှားပစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ လုပ်ဆောင်သူတွေကိုဖော်ထုတ်ပြီး အရေးယူပါတယ်။ ကိစ္စတိုင်းကို ဖော်ထုတ်အရေးယူတာမျိုး မလုပ်နိုင်ပေမယ့် ထပ်မဖြစ်အောင် အထိုက်အလျောက် ဟန့်တားနိုင်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလိုမဖြစ်သေးပါဘူး။ အင်တာနက်ပေါ်က ပရမ်းပတာဆန်မှု၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် မှုတွေ၊ အလွဲသုံးစားလုပ်မှုတွေကို ထိရောက်တဲ့ အရေးယူနိုင်စွမ်း မရှိသေးပါဘူး။ ဒီကိစ္စကို ကိုင်တွယ်ရ မယ့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့လည်း ကိုင်တွယ်နိုင်စွမ်းအား နည်းပါတယ်။ Cyber Police ဆိုတာ ဖွဲ့ထားပြီးဖြစ်ပေမယ့် ဒီအဖွဲ့ ဘာတွေလုပ်နေလဲဆိုတာ မသိရသေးပါဘူး။

ဥပမာအားဖြင့် Eleven Media Group ကို လူမှုကွန်ရက်မီဒီယာ အသုံးပြုပြီး မဟုတ်မမှန်ပြောဆို အပုပ်ချ သူတွေ၊ မှတ်ချက်ရေးသားသူတွေ၊ မီဒီယာနာမည် အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာသူတွေ ရှိနေပါ တယ်။ ဒီလူတွေကို အရေးယူဖို့ EMG က တရားစွဲဆိုထားတဲ့ အမှုတွေ ရှိပါတယ်။

ဒီလိုလုပ်တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချင်လို့ မဟုတ်ပါဘူး။ ဘယ်ကိစ္စမဆို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်သလို ဒါတွေကို အရေးယူနိုင်တဲ့ အခြေအနေတွေ၊ ဥပဒေတွေ ရှိတယ် ဆိုတာကို ဖော်ပြချင်ရုံပါပဲ။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံက ရဲအရာရှိတွေဟာ အင်တာနက်ပေါ်က ပြစ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်အရေးယူနိုင်ဖို့ အားနည်းနေပါတယ်။ သူတို့ကိုယ်တိုင်က အင်တာနက်နဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းပါတယ်။ ဒါဟာ တခြားနိုင်ငံတွေ မဆိုထားနဲ့ အာဆီယံနိုင်ငံတွေနဲ့ပါ မတူတဲ့အချက် ဖြစ်ပါတယ်။

ရဲအရာရှိတွေရဲ့ အတွေ့အကြုံနည်းမှုက အန္တရာယ်ကြီးတဲ့ အနေအထား ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းသုံးသူ အရေအတွက် သန်းချီတိုးလာမယ်။ အင်တာနက်သုံးသူ အရေအတွက် သန်းချီရှိလာမယ်။ မိုဘိုင်းအင် တာနက် ရာဇဝတ်မှုကျူးလွန်သူတွေ များလာမယ်။ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာကောင်းပါတယ်။

(၈) ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ နောက်ကျနေရတဲ့အချက်က ရှင်းပါတယ်။ အာဆီယံနိုင်ငံ အများ စုဟာ မိုဘိုင်းအင်တာနက်ခေတ် တော်လှန်ရေးကို ဖြတ်သန်းပြီးခဲ့ပါပြီ။ အခြေခံဆက်သွယ်ရေးစနစ်နဲ့ အင် တာနက်မြန်နှုန်းက သူတို့အတွက် ပြဿနာမဟုတ်တော့ပါဘူး။

မြန်မာနိုင်ငံက မိုဘိုင်းအင်တာနက်ခေတ် တော်လှန်ရေးကို ဖြတ်သန်းဖို့ အခုမှ တာစူနေပါတယ်။ တကယ် လုပ်မယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်အတွင်း ကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် မိုဘိုင်းအော်ပရေတာခွင့်ပြုတဲ့ ကိစ္စမှာ တင် မြေစမ်းခရမ်းပျိုး အဆင့်ရောက်အောင် အချိန်တွေ အများကြီးယူခဲ့ပါတယ်။

မိုဘိုင်းအော်ပရေတာ ခွင့်ပြုလိုက်တာက မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ဖော်ကျူးနိုင်မှာ မဟုတ်ပါဘူး။ မိုဘိုင်း အသုံးပြု အခြေခံဆက်သွယ်ရေးခိုင်မာပြီး ဒါကို အသုံးချနိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးမှ တိုးတက်မှုဖြစ် လာမှာပါ။

အခုချိန်မှာ တိုးလာတဲ့ ဆင်းမ်ကတ်အရေအတွက်ထက် ဖုန်းလိုင်းမကောင်းတဲ့ ပြဿနာက ပိုကြီးနေပါ တယ်။ ဆင်းမ်ကတ်အရေအတွက် တိုးလာပြီးမှ အင်တာနက်ရေအောက်ဆက်ကြောင်း ပြတ်တောက်မှုက မကြာခဏ ဖြစ်နေပါတယ်။ အင်တာနက်မြန်နှုန်း လုံးဝမကောင်းသေးပါဘူး။ ဒီအခြေအနေတွေအတွက် ‘ကောင်းအောင်လုပ်နေတယ်’ ဆိုတဲ့ စကားလုံးက ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ပါဘူး။

မိုဘိုင်း အင်တာနက်ခေတ်တော်လှန်ရေးကို ကျော်ဖြတ်နိုင်ခဲ့လို့ အာဆီယံနိုင်ငံအများစု စီးပွားရေးအရ တိုးတက်သွားပါတယ်။ ဒီလိုတိုးတက်မှုတွေ နှစ်တွေအများကြီး အချိန်မယူပါဘူး။ အချိန်သုံးလေးနှစ်အတွင်း တိုးတက်မှုဖြစ်အောင် လုပ်သွားခဲ့တာပါ။

(၉) သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ‘မြန်မာနိုင်ငံ တိုးတက်နေပါပြီ’ ဆိုတဲ့စကားက ပြည်သူတွေအ တွက် ‘ဖောင်စီးရင်းရေငတ်’ ပါပဲ။ စကားလုံးအားဖြင့် တိုးတက်နေပြီဆိုတာ လူတိုင်းပြောနိုင်ပါတယ်။ လက်တွေ့ခံစားမှုကို ပြည်သူတွေအသိဆုံး ဖြစ်ပါတယ်။

စကားလုံးတွေ၊ ပြည်သူတွေမသိတဲ့ မဟာဗျူဟာတွေ၊ လှိုင်းလုံးဆိုတာတွေနဲ့ တိုးတက်မှုကို ပြလို့မရပါဘူး။ အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှု၊ ခြစားမှု ရှိနေပါတယ်။ ဒါကြောင့် တိုင်းပြည်တိုးတက်သင့်သလောက် မတိုးတက်တာပါ။

တစ်ချိန်က မြန်မာနိုင်ငံ မတိုးတက်တာ အာဏာရှင်စနစ်ကြောင့် ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် မတိုးတက်တာက အာဏာရှင်ခေတ်ဟောင်းအမွေ အဂတိလိုက်စားမှုနဲ့ ခြစားမှုတွေ ဆက်ရှိနေ လို့ပါ။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အာဆီယံဒေသတွင်းမှာလည်း မြန်မာနိုင်ငံ နောက်ကျနေပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ