
မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအွန်ကို လုပ်ကြံရန်ကြိုးစားမှုအကြောင်း ရိုက်ကူးထားသည့် ဟောလိဝုဒ်ဟာသဇာတ်မြူးဇာတ်ကား The Interview နှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂကို တိုင်ကြားခဲ့သည်။ အဆိုပါ ဇာတ်ကားဖြန့်ချိမှုကို ပိတ်ပင်ရန်အတွက် မြောက်ကိုရီးယားက အမေရိကန်ကိုလည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။
The Interview ဇာတ်ကားတွင် ဆာ့သ်ရိုဂျင်နှင့် ဂျိမ်းစ်ဖရန်ကိုသည် ကင်ဂျုံအွန်နှင့် အင်တာဗျူးရန် ပြုံယမ်းသို့ သွားရောက်သည့် ရုပ်သံသတင်းထောက်များအဖြစ် သရုပ်ဆောင်ထားသည်။ အဆိုပါ ကာလတွင် ကင်ဂျုံအွန်ကို လုပ်ကြံရန် အတွက် ၎င်းတို့ နှစ်ဦးကို စီအိုင်အေက တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကင်ဂျုံအွန်ကိုသတ်ရန် ကြံစည်မှုအကြောင်း ဇာတ်ကားရိုက်ကူးခွင့်ပေးခြင်းသည် အမေရိကန်က အကြမ်းဖက်မှုကို ထောက်ခံပြီး စစ်ပွဲဆင်နွှဲရန်အခိုင်အမာပြောခြင်းဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ လိပ်မူရေးသားသည့် စာတွင် မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။
အမေရိကန်အာဏာပိုင်များသည် အဆိုပါဇာတ်ကားထုတ်လုပ်မှုနှင့် ဖြန့်ချိမှုကို ပိတ်ပင်သင့်သည်ဟုလည်း အဆိုပါ စာတွင်ရေးသားထားသည်။ အဆိုပါစာကို ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီအဖွဲ့ ဝင်များကို တရားဝင်မှတ်တမ်းတစ်ခုအဖြစ် ဖြန့်ဝေအသိပေးရန်လည်း မြောက်ကိုရီးယားက တောင်းဆိုခဲ့သည်။
The Interview ဇာတ်ကားသည် အကြောင်းမဲ့ အကြမ်းဖက်မှု လုပ်ရပ်တစ်ခုဖြစ်သည်ဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီး ယင်းဇာတ်ကားဖြန့်ချိမှုကို မပိတ်ပင်ပါက ငဲ့ညှာမှုမရှိသည့်တုံ့ပြန်မှု ကြုံတွေ့ရမည်ဟု ဇွန် ၂၅ ရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာန၌ သတိပေးခဲ့သည်။
"ပုံမှန်ဆိုရင်တော့ ကျွန်တော့်ရဲ့ဇာတ်ကားတစ်ကားအတွက် လူတွေက ကျွန်တော့်ကို သတ်ချင်မှာမဟုတ်ပါဘူး" ဟု သရုပ်ဆောင် ဆာ့သ်ရိုဂျင်က Twitter တွင် လှောင်ပြောင်ရေးသားခဲ့သည်။
The Interview ဇာတ်ကားကို အမေရိကန်တွင် အောက်တိုဘာ ၁၄ ရက်၌ ဖြန့်ချိရန် စီစဉ်ထားသည်။ The Interview ဇာတ်ကားသည် မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးကို သရော်ရန်ရိုက်ကူးသည့် ပထမဆုံး ဟောလိဝုဒ်ဇာတ်ကားမဟုတ်ပေ။ ၂၀၀၄ ခုနှစ်တွင်လည်း ကင်ဂျုံအွန် ၏ ဖခင် ကင်ဂျုံအီကို လှောင်ပြောင်ထားသည့် Team America: World Police ဇာတ်ကားဖြန့်ချိခဲ့ဖူးပြီး ယင်းဇာတ်ကားကြောင့် မြောက်ကိုရီးယားသည် အလားတူ ဒေါသထွက်ခဲ့ဖူးသည်။
View Website



































No comments:
Post a Comment