Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

အေသင်ချိုဆွေနှင့် တွေ့ဆုံခြင်း

အေသင်ချိုဆွေက ၎င်း၏တတိယအယ်လ်ဘမ် ‘‘Playboy’’နှင့် ပရိသတ်ကြား နေရာပြန်ယူနိုင်ရန် ပြင်ဆင်နေသည်။ မိခင်၏တိုက်တွန်းမှုကြောင့် လွန်ခဲ့သောတစ်နှစ်ကျော်က ထွက်ရှိထားသော  တစ်ကိုယ်တော်ပြန်ဆိုတေး အယ်လ်ဘမ် ‘‘အနီးဆုံးလူနမ်းမှာလား’’အခွေက အောင်မြင်မှု အတန်အသင့်ရခဲ့သော်လည်း ဂီတခြေလှမ်းများကျဲပါးကာ ပရိသတ်ရှေ့မှ ခေတ္တပျောက်ခဲ့သည်။
ဇွန်လ ၂၁ ရက်တွင် ထွက်ရှိမည့် ‘‘Playboy’’အယ်လ်ဘမ်၌ ဂီတမောင်နှမအစုံပါဝင်ထားပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ စသည့် မြို့ကြီးသုံးမြို့တွင် အခွေပရိုးမိုးရှင်း ပြုလုပ်သွားမည်ဟုပြောသည်။ အချစ်ရေးနှင့်ပတ်သက်၍လည်း ပရိသတ်ကို ပွင့်ပွင့်လင်းလင်းပြောပြထားသော အေသင်ချိုဆွေကို အခွေအကြောင်း၊ အချစ်ရေးနှင့် အနုပညာရင်ခုန်သံများ မေးမြန်းထားပါသည်။


Photo

မေး- ဒီ Playboy အခွေရဲ့ သီချင်းတွေ နားမထောင်ရသေးပေမယ့် အခွေကာဗာဓာတ်ပုံအဖြစ်သုံးထားတဲ့ အေသင်ဆေးလိပ်ဖွာနေတဲ့ပုံစံကို ဘယ်လိုစိတ်ကူးနဲ့ လုပ်ဖြစ်ခဲ့တာလဲ။
ဖြေ- ဒါကတော့ အေသင့်စိတ်ကူးပေါ့။ အေသင်လုပ်ချင်တာကို မျက်စိမှိတ်ပြီး လုပ်လိုက်တာ။ ဒါလေးက ဆွဲဆောင်မှုရှိတာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ အကောင်းနဲ့အဆိုးပြောတဲ့သူတွေကတော့ အများကြီးပါပဲ။ ဒီပုံလေးလုပ်လိုက်ရလို့ စိတ်ချမ်းသာတယ်။ ဒီဒီဇိုင်းကြောင့်လည်း လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကိုခံရတယ်။
မေး- အခွေထွက်လာတဲ့အခါကျရင် ဒီဓာတ်ပုံက ပရိသတ်ကြားကို ကျယ်ကျယ်ပြန့်ပြန့်ရောက်သွားမှာဆိုတော့ ပုံရဲ့သက်ရောက်မှုက ဘယ်လိုဖြစ်လာမယ်ထင်လဲ။
ဖြေ- အကောင်းချည်းပဲတော့ရမှာ မဟုတ်ဘူး။ အေသင်လည်း တန်ခိုးရှင်မဟုတ်ဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲပြီးလာနေတဲ့ ဒီလောကကြီးမှာ အကောင်းပြောတဲ့သူရှိသလို ပစ်ပစ်ခါခါ အဆိုးတွေပြောမယ့်သူတွေလည်းရှိတော့ ဒီဝေဖန်မှုတွေကို ဂရုမစိုက်ဘူး။ ဒီလိုပြောပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့။
မေး- ဒီအခွေထဲမှာ အေသင်ကိုယ်တိုင်ရေးထားတဲ့ ‘‘မောင့်လက်ဖ၀ါး’’ သီချင်းတစ်ပုဒ်တည်းပါတယ်လို့ သိရတယ်။ ဘယ်သူ့အတွက် ရည်စူးပြီးရေးထားတာလဲ။
ဖြေ- ဘယ်သူ့အတွက်မှ ရည်စူးပြီးရေးထားတာ မဟုတ်ဘူး။ ဒီသီချင်းက တော်တော်ကြာပြီ၊ ၂၀၀၈ ခုနှစ် အဆိုတော် စစဖြစ်တုန်းက ရေးထားတာ။ ဒီသီချင်းလေးက အခုလတ်တလောခံစားချက်နဲ့ သွားပြီးတိုက်ဆိုင်နေတယ်။ သီချင်းအကြောင်းအရာလေးက ရည်းစားက အရမ်းလည်းဆိုးတယ်၊ အရမ်းလည်း နှိပ်စက်တယ်။ သူက ငါ့ရဲ့နတ်ဆိုးဆိုပေမယ့် သူကိုချစ်တယ်။ ကော်ပီသီချင်းလေးပါပဲ။
မေး- အေသင် ဒီနှစ်စပိုင်းလောက်မှာ ဂီတလောကက ပျောက်နေတယ်နော်။ ဘာတွေလုပ်နေလို့လဲ။
ဖြေ- ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာလည်းပါတယ်။ ဒီအခွေလုပ်နေတာလည်းပါတယ်။ အေသင်အပြောင်းအလဲတွေ အများကြီးကြုံခဲ့ရပေမဲ့ အခွေကိုတော့ ရအောင်ထုတ်ဖြစ်တယ်။ အခက်အခဲကတော့ လူတိုင်းမှာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အနုပညာလုပ်ရင်း သီချင်းတွေဆိုပြီး ပရိသတ်နဲ့တွေ့နေရရင် ပျော်တယ်။
မေး- အေသင်ရဲ့ဖက်ရှင်က အများနဲ့မတူတဲ့ ခပ်မိုက်မိုက်ပုံစံမျိုး ကွဲထွက်နေတယ်။ အေသင်ရူးသွပ်တဲ့ဖက်ရှင်က ဘယ်လိုမျိုးလဲ။
ဖြေ- အေသင်က မိန်းမသိပ်မဆန်ဘူး။ တစ်ခါတလေကျရင် ကောင်မလေးတွေကြည့်ပြီးတော့ ၀တ်ချင်တယ်။ ဒါပေမဲ့ မနေတတ်ဘူး။ မိန်းမဆန်တာကြီး ၀တ်လိုက်ရင် တစ်မျိုးကြီးပဲ။ ကိုယ့်ရဲ့ပုံစံက ယောက်ျားဆန်တယ်။ ဒါကလည်း သူများနဲ့ ဒီဇိုင်းကွဲထွက်နေတာပေါ့။
မေး- ဒုတိယအခွေတုန်းက ပြန်ဆိုတေးတွေဆိုပေမယ့် ပရိသတ်ကြား အရမ်းအောင်မြင်ခဲ့တယ်။ ဒီအခွေကိုကော ဘယ်လောက်ထိ မျှော်လင့်ထားလဲ။
ဖြေ- ဒီအခွေအပေါ် ၇၅ ရာခိုင်နှုန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတယ်။ ပရိသတ်ဆီက ဘယ်လောက်ရာခိုင်နှုန်းပြန်ရမလဲမသိဘူး။ အေသင့်ကိုချစ်တဲ့ ပရိသတ်က ၅၀ ရာခိုင်နှုန်းရှိရင် ၅၀ ရာခိုင်နှုန်းပြန်ရမယ်။ အများကြီးတော့ မမျှော်လင့်ထားဘူး။ အေသင့်ကိုချစ်တဲ့ ပရိသတ်တွေ အစစ်အမှန်အားပေးတယ်ဆိုရင်တော့ ကျေနပ်တယ်။
မေး- အနုပညာရှင်အများစုက အချစ်ရေးကို လျှို့ဝှက်ထားတတ်ပေမယ့် အေသင်က အချစ်ရေးနဲ့ပတ်သက်ရင် ပွင့်ပွင့်လင်းလင်းနေတတ်၊ ပြောတတ်တယ်နော်။
ဖြေ- ဒါကတော့ အရင်တုန်းက အသက် ၁၆၊ ၁၇ တုန်းကပြောတယ်။ အခုလည်းပြောပါတယ်။ အေသင် Single မဟုတ်ဘူး။ ရည်းစားရှိတယ်။ နည်းနည်းအသက်ကြီးပြီး ရင့်ကျက်လာတဲ့အခါကျတော့ ပိုပြီးရှုပ်ထွေးလာသလို ခံစားရတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အလုပ်တွေနဲ့ ရောထွေးလာတယ်။ အရမ်းချစ်တတ်တဲ့သူဆိုတော့ အမြဲတမ်းတော့ ခံစားရတယ်။
မေး- အေသင့်ချစ်သူအကြောင်းကို မိဘတွေရော၊ ပရိသတ်တွေပါ သိထားကြတယ်။ ဒီနှစ်က အနုပညာရှင်တွေရဲ့ မင်္ဂလာနှစ်လည်းဖြစ်တော့ အေသင့်မင်္ဂလာသတင်းကော ဘယ်တော့ကြားရမလဲ။
ဖြေ- နှစ်ယောက်စလုံးက လိုပါသေးတယ်။ သူဆို ပိုတောင်လိုသေးတယ်။ သူက မရင့်ကျက်သေးဘူး။  ကိုယ်နဲ့ယှဉ်လို့ရှိရင် အသက်တစ်နှစ်ငယ်တယ်ဆိုတော့ အေသင့်ကို သူက ကွန်ထရိုးမလုပ်နိုင်ဘူး။ ဒီတော့ သူလည်းရင့်ကျက်ဖို့ အများကြီးလိုသေးတယ်။ အေသင်လည်း လိုသေးတယ်။ အချိန်တွေက အများ . . .အများကြီးလိုပါသေးတယ်။ နှစ်ယောက်ကြား ညှိရတယ်။ ရန်တွေလည်း ခဏခဏ ဖြစ်ရတယ်။ အဆင်မပြေတာတွေရော ရှုပ်ယှက်ခတ်နေတော့ သူရင့်ကျက်လာတဲ့တစ်နေပေါ့။ အဲဒီနေ့ ဘယ်နေ့ဖြစ်မလဲမသိဘူး။
မေး- ဇာတ်ကားတွေလည်း ရိုက်တာသိပ်မတွေ့တော့ဘူးနော်။ ဇာတ်ကားရိုက်ကူးမယ့် အစီအစဉ်လေးတွေ ရှိရင်ပြောပြပေးပါဦး။
ဖြေ- ဇာတ်ကားပိုင်းက အခုဇာတ်လမ်းတွဲတွေလည်း ရိုက်ကြတယ်။ အေသင်ကတော့ ဇာတ်လမ်းရိုက်တာထက်ကို သီချင်းအေးဆေး လုပ်နေရတာလေးကို ပိုကြိုက်တယ်။ ဇာတ်လမ်းရိုက်ရတာ ကိုယ်မပျော်တဲ့လောကကြီးဆိုတော့ ကိုယ့်ကိုဖိအားတွေ ပေးနေသလိုပဲ ခံစားရတယ်။ လူတွေအများကြီးနဲ့လည်း မနေတတ်ဘူး။ သရုပ်ဆောင်အလုပ်ကျတော့ လူတွေအများကြီးတွေထဲမှာ လုပ်ရတယ်။ ကိုယ်က ဒိုင်ယာလော့တွေ မှားသွားမလားဆိုတဲ့ စိုးရိမ်စိတ်က ရှိနေတာမျိုးကြီးလည်း မနေချင်ဘူး။ ကိုယ့်အတွက် အခွင့်အရေးတစ်ခုရလာတဲ့ ဇာတ်လမ်းမျိုး၊ ဇာတ်လမ်းကောင်းတစ်ပုဒ် ရလာမယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။
မေး- ဒါဆိုအဆိုတော်၊ သရုပ်ဆောင် ဒီအလုပ်နှစ်ခုထဲက ဘယ်တစ်ခုမှာ ပိုပြီးအောင်မြင်မှုရချင်လဲ။
ဖြေ- အဆိုတော်အေသင်ချိုဆွေအနေနဲ့ပဲ အောင်မြင်ချင်တယ်။ သရုပ်ဆောင်ကတော့ ကိုယ်လုပ်နိုင်တဲ့ စွမ်းအင်ကို ပြသတဲ့အနေနဲ့ပဲ။ အများကြီးတော့ မမျှော်လင့်ဘူး။ အဆိုတော်ကျတော့ ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်လေ။ ဂီတလောကနဲ့ သရုပ်ဆောင်လောကဆိုရင် ဂီတလောကနဲ့က ပိုပြီးနွေးနွေးထွေးထွေးရှိတယ်။ ဂီတက အစ်ကိုတွေ၊ အစ်မတွေဆို ကိုယ့်ကိုချစ်ကြတယ်။ ကိုယ့်အကြောင်းလည်း သိကြတယ်။ အေသင် ဘယ်လိုနေတယ်ဆိုတာက အစပေါ့။ သရုပ်ဆောင်လောကကျတော့ အနေစိမ်းတယ်။ အေသင်က ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲနေတတ်တဲ့ အေးဆေးသမား။ တစ်ခါတလေ ကိုယ့်ထက်စီနီယာကျတဲ့သူတွေကို သွားမနှုတ်ဆက်တာ၊ စကားသွားမပြောတာတွေ အများကြီးရှိတယ်ဆိုတော့ အေသင်နဲ့သိပ်မကိုက်ဘူး။ အေးဆေးတစ်ယောက်တည်းနေတာ ပိုများတော့ ဂီတလောကမှာ ပိုပျော်တယ်။
မေး- ဒီနှစ်ထဲ ပြည်ပခရီးစဉ်တွေကော သွားဖို့အစီအစဉ်ရှိသေးလား။
ဖြေ- ပြည်ပခရီးက ရှေ့မှာ သြစတြေးလျ၊ အမေရိကရော သွားခဲ့ပြီးပြီ။ ဒါကြောင့် ကြားထဲမှာ ပရိသတ်နဲ့ အဆက်ပြတ်သလို ဖြစ်သွားတာ။ ဒီနှစ် ၂၀၁၄ ထဲမှာတော့ ပြည်ပခရီးသွားဖို့ အစီအစဉ်မရှိဘူး။
မေး- ပရိသတ်ကိုဘာပြောချင်လဲ။
ဖြေ- ဒီအခွေကို အကောင်းဆုံး ကြိုးစားထားပါတယ်။ ပရိသတ်ကြီးလည်း ကြိုက်မယ်ထင်ပါတယ်။ အေသင်ရဲ့ အခွေအော်ရီဂျင်နယ်လေးကို အားပေးကြပါ။ ပိုက်ဆံတွေအများကြီး အကုန်ခံထားတယ်။ ပိုက်ဆံတွေ ပြန်ရချင်လို့ မဟုတ်ပေမယ့် အခွေအစစ်လေးကို အားပေးရင် အေသင်ပျော်တယ်။ တစ်ပတ်မှာ ဘယ်လောက်ကုန်သွားတယ်ဆိုတဲ့ ခံစားမှုလေးလိုချင်တာပေါ့။ ပိုက်ဆံရတာ၊ မရတာတွေ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ပရိသတ်ရဲ့အားပေးမှုကြောင့် တစ်သောင်းကုန်သွားတယ်ဆိုရင် အေသင့်ပရိသတ် တစ်သောင်းရှိတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ