
ကမ္ဘာပေါ်ရှိ အင်တာနက်အသုံးပြုမှု အများဆုံးနိုင်ငံများတွင် ပါဝင်သည့် တောင်ကိုရီးယားနိုင်ငံသည် ရုပ်ရှင်ကားကြီးတစ်ကားအား တစ်စက္ကန့်အတွင်း ဒေါင်းလုတ်လုပ်နိုင်လောက်အောင် မြန်ဆန်သည့် မျိုးဆက်သစ် 5G ကြိုးမဲ့အင်တာနက် ၀န်ဆောင်မှုစနစ်ကို အသုံးပြုရန်အတွက် ဒေါ်လာ ၁ ဒသမ ၆ဘီလီယံ အသုံးပြုမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအသုံးပြုနေသည့် 4G စနစ်ထက် အဆ ၁၀၀၀ မြန်ဆန်သည့် စနစ်သစ်အား ခြောက်နှစ်တာကာလအတွင်း တပ်ဆင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း တောင်ကိုရီးယား သိပ္ပံဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
တောင်ကိုးရီးယားသည် ၁၉၉၀ ပြည့်နှစ်များတွင် 2G စနစ်ဖြင့် စတင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်များတွင် 3G စနစ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် 4G စနစ်များကိုအသုံးပြုခဲ့ကြောင်း၊ 5G စနစ်ကိုအသုံးပြုပြီး အခြားနိုင်ငံများထက် နည်းပညာပိုင်းအရ သာလွန်စေရန်အတွက် လက်ဦးမှုရယူရန် အချိန်ကျလာပြီဖြစ်ကြောင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပ၊ တရုတ်နှင့် အမေရိကန်တို့သည် 5G နည်းပညာစနစ်ကို အသုံးပြုနိုင်ရန်လုပ်ဆောင်နေပြီဖြစ်သောကြောင့် လာမည့်နှစ် အနည်းငယ်အတွင်း အင်တာနက်အခြေစိုက်ဈေးကွက်တွင် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်မှုများရှိလာမည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တောင်ကိုရီးယား၏ အစိုးရစီမံကိန်းအရ 5G စနစ်အား ၂၀၁၇ ခုနှစ်တွင် စမ်းသပ်အသုံးပြုမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစပြီး စီးပွားရေး လုပ်ငန်းသုံးအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမည်ဖြစ်သည်။
ယခုစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကုမ္ပဏီများဖြစ်သည့် SK Telecom နှင့် Korea Telecom ကဲ့သို့ ကုမ္ပဏီများသာမက ဖုန်းကုမ္ပဏီများဖြစ်သည့် ဆမ်ဆောင်းနှင့် LG ကဲ့သို့ ကုမ္ပဏီများလည်း ပူးပေါင်းပါဝင်လာမည်ဟု တောင်ကိုရီးယားအစိုးရက မျှော်လင့်ထားသည်။
ထို့ပြင် ဆက်သွယ်ရေးအခြေခံအဆောက်အဦးဆိုင်ရာ ပစ္စည်းကိရိယာ ထုတ်လုပ်ရေးလုပ်ငန်းများသည် မိုဘိုင်းဖုန်းထုတ်လုပ်ရေးကဏ္ဍလောက် အားကောင်းခြင်းမရှိသောကြောင့် ၎င်းလုပ်ငန်းများ အားကောင်းလာရေးအတွက်လည်း ကြိုးပမ်းရန် တောင်ကိုရီးယားအစိုးရက ဆန္ဒရှိနေသည်။

ဆမ်ဆောင်းကဲ့သို့ ဖုန်းဟမ်းဆက်ထုတ်လုပ်သည့် ကုမ္ပဏီများကြောင့် တောင်ကိုရီးယားသည် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းပစ္စည်းဈေးကွက်တွင် ၃၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်သော်လည်း ဆက်သွယ်ရေးအခြေခံ အဆောက်အဦဆိုင်ရာ ပစ္စည်း ကိရိယာများ ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်းတွင်မူ ကမ္ဘာလုံးဆိုင်ရာဈေးကွက်၏ ၄ ဒသမ ၄ ရာခိုင်နှုန်းကိုသာ ရရှိထားကြောင်း သိပ္ပံဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
တောင်ကိုရီးယား အင်တာနက်စနစ်၏ မြန်နှုန်းသည် လက်ရှိအချိန်တွင် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ထက် များစွာ သာလွန်နေသည်။ 5G နည်းပညာကြောင့် အသုံးပြုသူများသည် 4G စနစ်ဖြင့် စက္ကန့် ၄၀ကြာ ဒေါင်းလုတ်ဆွဲယူရသည့် ၈၀၀ မဂ္ဂါဘိုက်ရှိသော ရုပ်ရှင်ကားကြီးတစ်ကားအား တစ်စက္ကန့်အတွင်းဒေါင်းလုတ်ဆွဲယူကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် တောင်ကိုရီးယားကုမ္ပဏီများသည် နိုင်ငံရပ်ခြားရှိ စီးပွားရေးလုပ်ငန်းနှင့် တွဲဖက်အလုပ်လုပ်ရန် ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။
5G စနစ်ကြောင့် တစ်နာရီလျှင် ၅၀၀ ကီလိုမီတာ ( မိုင် ၃၁၀ )နှုန်းကျော်ဖြင့်သွားလာနေသည့် ကျည်ဆန်ရထားပေါ်ရှိလူများပင်လျှင် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း အစိုးရအရာရှိများက ပြောသည်။



































No comments:
Post a Comment