
Android ဖုန်းများပေါ်တွင် စာရေးသားနိုင်သော မြန်မာစာလက်ရေးစနစ် Application တစ်ခုဖြစ်သော ပေဖူးလွှာ payphoolwar.apk ကို ပြီးခဲ့သည့် ICT ပြပွဲ၌ Ahtar Oo Co., Ltd. မှ မိတ်ဆက်ပြသခဲ့ပြီး ဖုန်းပေါ်တွင်မြန်မာစာကို ကီးဘုတ်မှတစ်ဆင့်ရိုက်နှိပ်ဖို့ရန်အတွက် ခက်ခဲခြင်းကို အဆင်ပြေစေဖို့ အတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။
"ဒီ App ကိုသုံးပြီး ဖုန်းမှာမြန်မာစာကို လက်နဲ့ရေးသလိုမျိုးရေးသားအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဓိကကတော့ ဖုန်းကီးဘုတ်ကနေ မြန်မာစာရိုက်ဖို့ခက်ခဲပါတယ်။ ဒါ့အပြင် မြန်မာစာကီးဘုတ်နဲ့ အကျွမ်းတ၀င်မဖြစ်တဲ့သူတွေအတွက် အလွယ်တကူ မြန်မာစာကိုအသုံးပြုနိုင်ဖို့ပါ။ ဒီ App ကိုသုံးပြီးဖုန်းထဲမှာ မြန်မာစာကို လက်ရေးနဲ့ ရေးသလိုမျိုးအသုံးပြုနိုင်မှာပါ။ ကိုယ်ရေးလိုက်တဲ့စာလုံးနဲ့ ကိုက်ညီမှုရှိတဲ့ ပုံစံကို ဒီ App ရဲ့ correction စနစ်ကနေခန့်မှန်းပုံဖော်ပေးသွားမှာပါ။ ဒီ App က ကီးဘုတ်စနစ်နှစ်ခုလို့ပြောလို့ရပါတယ်။ App ကိုထည့်ပြီးရင် language & input နေရာမှာ payphoohlwar ကီးဘုတ်ကို ရွေးထားလိုက်ရုံနဲ့ သုံးလို့ရမှာဖြစ်ပါတယ်" ဟု Ahtar Oo Co., Ltd မှ မမေမြတ်ခိုင်ကပြောသည်။


ယခုမိတ်ဆက်ခဲ့သည့် ပေဖူးလွှာ (payphoohlwar) App မှာ Beta Version အနေဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာစာတစ်မျိုးတည်းကိုသာ ရေးသားအသုံးပြုနိုင်ကြောင်းသိရသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်-မြန်မာနှင့် အခြားဘာသာစကားများကိုပါ အသုံးပြုနိုင်အောင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် အဆိုပါ ပေဖူးလွှာ Application ကို အခမဲ့အနေဖြင့် ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး စမ်းသပ်သုံးစွဲလိုသူများအနေဖြင့် Google Playstore နှင့်www.payphoohlwar.com တို့တွင်ရယူနိင်မည်ဖြစ်သည်။



































No comments:
Post a Comment