တူရကီမြို့၌ သြဂုတ်လအတွင်း ကျင်းပမည့်
Miss Globe International 2014 ပြိုင်ပွဲ ကြီးသို့ မြန်မာနိုင်ငံ
ကိုယ်စားပြု အနေဖြင့် သွားရောက် ယှဉ်ပြိုင်ရန် အတွက် ရွေးချယ် ထားသည့်
လှယဉ်ကျေးနှင့် ပတ်သက်၍ သူမ၏ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို မေးမြန်း ဖြစ်ခဲ့ပါတယ်။
အစ်မရဲ့ အနုပညာ လှုပ်ရှားမှု အကြောင်းကို အရင်ဆုံး ပြောပြ ပေးပါဦး။
အစ်မနာမည်က လှယဉ်ကျေးပါ။ အစ်မ၂ဝဝ၃-၂ဝဝ၎
ခုနှစ်အထိ မတင်မိုးလွင်နဲ့ အတူတူ အလုပ် လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း
အနုပညာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ဖြစ်တယ်။ သင်တန်းတက်နေတဲ့
အချိန်မှာပဲ ရုပ်ရှင် ဇာတ်ကားကြီး တစ်ခုဖြစ်တဲ့ မုန္ဒြာခေါ်သံ ဆိုတဲ့
ဇာတ်ကားကြီးအတွက် လူရွေးပွဲမှာ အစ်မ သွားပြီး ပြိုင်တဲ့ အခါ ခေါင်းဆောင်
မင်းသမီး နေရာကနေ ပါဝင်ခွင့် ရခဲ့တယ်။ အခုလည်း ကားကြီးက ရိုက်နေဆဲပါ။
အစ်မအနေနဲ့ Miss Globe International ပြိုင်ဖို့ ဘယ်လို အဆက်အသွယ် ရခဲ့တာလဲ ဆိုတာ ကိုလည်း ပြောပြ ပေးပါဦး။
အစ်မနဲ့ မလှနုထွန်းက အစကတည်းက ခင်တာပါ။
အပြင်မှာကြုံတဲ့ အခါမျိုး တွေမှာလည်း Pagent ပွဲတွေ အကြောင်း ဆွေးနွေး
ဖြစ်ပါတယ်။ အစ်မက Miss International ပွဲအတွက် လာတွေ့ရင်းနဲ့ မလှနုထွန်း
ကနေ ဒီပွဲလေးတော့ ရှိတယ်လို့ပြောတယ်။ ဝင်ပြိုင်ချင်လားပေါ့။
အစ်မအနေနဲ့တော့ ရွေးလို့ မရဘူး။ တစ်ဖက်က တာဝန်ရှိသူတွေ ဆီကို အစ်မရဲ့
အချက် အလက်တွေ ပို့ပေးမယ်။ သူတို့ဘက်က သဘောတူရင် အစ်မ
ဝင်ပြိုင်လို့ရတယ်လို့ ပြောတယ်။ အဲဒါနဲ့ အစ်မလည်း စိတ်ဝင်စားတာနဲ့ အစ်မရဲ့
အချက်အလက် တွေကို တစ်ဖက်မှာ ရှိတဲ့ တာဝန်ရှိသူတွေဆီ ပို့တယ်။ သူတို့
ဘက်ကလည်း သဘော တူတဲ့ စာကို ရတဲ့အတွက် အစ်မ ဝင်ရောက် ယှဉ်ပြိုင် ဖြစ်တာပါ။
အစ်မအနေနဲ့ အရင်က ပြိုင်ပွဲ အတွေ့အကြုံလေးတွေ ရှိရင် ပြောပြ ပေးပါဦး။
အစ်မအနေနဲ့ မော်ဒယ်လ် လုပ်တုန်း ကတော့
ပြည်တွင်း Miss ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖူး ပါတယ်။ နိုင်ငံတကာ
ပြိုင်ပွဲ ကတော့ ဒီတစ်ခါ ပြိုင်ရမှာ ပထမဆုံး အကြိမ်ပါ။
ပြိုင်ပွဲကြီး ကလည်း နီးနေပြီ ဆိုတော့ အစ်မအနေနဲ့ ပြင်ဆင်မှု အပိုင်းကိုလည်း ပြောပြ ပေးပါဦး။
ပြိုင်ပွဲကြီး အတွက် အစ်မအနေနဲ့ ၁ဝ
ရက်လောက်ပဲ အချိန် ရပါတယ်။ ဒါပေမဲ့ အစ်မရဲ့ Organization ဖြစ်တဲ့
မလှနုထွန်းက အကောင်းဆုံး လုပ်ပေးနေပါတယ်။ တစ်ဖက်မှာ ကလည်း ဇာတ်ကား
ရိုက်နေရသေးတာ ဆိုတော့ ရတဲ့အချိန်ကို မလှနုထွန်းနဲ့ အကောင်းဆုံး ဖြစ်အောင်
ကြိုးစားနေပါတယ်။ အစ်မအနေနဲ့ သီးသန့် အပြင်ဗဟုသုတ အပိုင်းကို လေ့လာလို့
မရတော့ တာကြောင့် အစ်မတို့ အပြင်သွားရင်ပဲ ဖြစ်ဖြစ်၊ အင်္ကျီသွားတိုင်းရင်ပဲ
ဖြစ်ဖြစ် ဆရာဖြိုးပိုင်က ဘေးကနေ ပြောပြပြီး သင်ပေး နေပါတယ်။ အစ်မအနေနဲ့
ဒီပြိုင်ပွဲကြီး အတွက် အခြားစိတ်ပူတာ ဘာမှမရှိပါဘူး။ မော်ဒယ်လ်လည်း
ငါးနှစ်လောက် လုပ်ဖူးတယ်။ ဒါပေမဲ့ နိုင်ငံတကာ အတွေ့အကြုံ မရှိတော့
နိုင်ငံတကာ အလှမယ်တွေ ဘယ်လို လုပ်ရလဲ ဆိုတာတော့ အစ်မ မသိဘူးပေါ့။
ပွဲတွေတော့ ကြည့်တယ်။ ကိုယ်ကိုယ်တိုင် အတွေ့အကြုံ မရှိတာ တစ်ခုတော့
စိတ်ပူမိတယ်။ ဒါပေမဲ့ အဘက်ဘက်က ဝိုင်းဝန်း ကူညီပေးကြတဲ့ အတွက် အားလုံး
အဆင်ပြေမယ်လို့ ထင်ပါတယ်။
အစ်မအနေနဲ့ Organization နဲ့ ဘယ်လို နားလည်မှု မျိုးတွေနဲ့ လက်တွဲ သွားမလဲ ဆိုတာကိုလည်း ပြောပြ ပေးပါဦး။
အစ်မက မမိုးတို့နဲ့အ လုပ်လုပ်တုန်းကလည်း
စာချုပ်နဲ့ အလုပ် လုပ်ဖူးပါတယ်။ စာချုပ် ဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု
ရှိမှပေါ့နော်။ ကိုယ်ကမကြည့်ဘဲနဲ့ စာချုပ် ချုပ်ရတာလည်း မဟုတ် ဘူးလေ။
ကိုယ့်ရှေ့မှာပဲ စာချုပ်ချုပ်တယ်။ ပြီးတော့ အစ်မ ရှေ့နေနဲ့လည်း
တိုင်ပင်တယ်။ ရှေ့နေက အစ်မနဲ့ သင့်လျော်မယ့် အချက်တွေကို ပြောပြတယ်။
တိုင်ပင်တယ်။ သူတို့ ဘက်က လည်း လက်ခံ ပေးတယ်။ နှစ်ဦးနှစ်ဖက်
ညှိပြီးတော့မှ ချုပ်တာ ဖြစ်တဲ့ စာချုပ်မို့ ဘာ ပြဿနာမှ မရှိဘူးလို့
ထင်ပါတယ်။
အစ်မကို အားပေးမယ့် ပရိသတ်ကြီးအတွက် စကား လက်ဆောင်လေး ပြောပေးပါဦး။
အစ်မက အခြား ညီမလေးတွေလိုပွဲလုပ်ပြီး
ရွေးချယ် ခံထားရတာ မဟုတ်ဘူး။ မလှနုထွန်းက အစ်မနဲ့ ကိုက်ညီလို့ ရွေးတယ်။
တစ်ဖက်ကို ပြောပြတယ်။ တစ်ဖက်က လက်ခံလို့ အစ်မ အနေနဲ့ သွားရောက်
ယှဉ်ပြိုင်မယ့် အတွက် အစ်မမှာ ပရိသတ်တွေ မရှိသေး သလို Fan ဆိုတာလည်း
မရှိပါဘူး။ ဒါပေမဲ့အစ်မက နိုင်ငံ ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမှာ
ဖြစ်တဲ့အတွက် မိဘပြည်သူတွေက အားပေးလက်ခံမယ်လို့ မျှော်လင့်ပါတယ်။
အားပေးမယ် လို့လည်း ယုံကြည်ပါတယ်။ ပြိုင်ပွဲ မှာလည်း အစ်မ အနေနဲ့
အကောင်းဆုံး ယှဉ်ပြိုင် သွားမှာပါ။
No comments:
Post a Comment