Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက်ဝတ္တုရှည်၊ အပိုင်း-၂)


တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အပိုင်း-၂)

ကျနော် သူမအနားသို့ မရဲတရဲ လျှောက်သွားမိ၏။ ဆန်ဖွပ် ကျည်ပွေ့ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း ပုခုံးဖြင့် တေ့မှီထားသော သူမသည် ကျနော့်အား ပြုံး၍ကြည့်လျက်…။ ကျနော်က ‘ကျနော်လည်း ကူပြီး မောင်းထောင်းပေးမယ်နော်’ ဆိုတော့ သူမက ရှမ်းဘာသာစကားဖြင့် ကျနော့်အား ပြန်ပြောနေ၏။ ကျနော် တလုံးမှ နားမလည်၊ ဘာသာမပြန်တတ် …။ ကျနော့်မှာ ရှိုးတိုးရှန်းတန်းဖြင့် ရှိနေခိုက် အိမ်ရှင်ကောင်မလေး ရောက်လာကာ ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးတော့မှ ကျနော်လည်း ဆန်ဖွပ်ကျည်ပွေ့ အခြားတစ်ခုဖြင့် သူမနှင့်အတူ အပြိုင်ထောင်းနေမိရင်း ချွေးစလေးများဖြင့် သူမ၏ မျက်နှာလှလှလေး အားငေးရင်း … ခနကြာတော့ ကျနော့် လက်ဖ၀ါးမှာ သွေးစများဖြင့် နာကျင်လာ၏။ ကျနော် မောင်းထောင်းခဏရပ်ရင်း ကျနော့် လက်ဖ၀ါးများအား ပြန်ကြည့်မိတော့ … သူမလည်း မောင်းထောင်းရပ်လိုက်၏။ ကျနော့် လက်ဖ၀ါးများအား သူမက ကျနော်၏ လက်ဖျားများမှ ကိုင်ကာ ဖြန့်ခိုင်းပြီး ကြည့်၏။ ပြီးတော့ ရယ်လျက် ဘာသာပြန်ပေးသော ကောင်မလေးအား တခုခု ပြောလိုက်၏။ ကျနော်မေးတော့ ဘာသာပြန်ပေးသည့် ကောင်မလေးက ‘ဘာမှ မဟုတ်ပါဘူးရှင်’လို့ ပြောကာ ရယ်နေ၏။


သူမက ခြံထောင့် တွင်ပေါက်နေသည့် ဘီးစပ်ပင်များမှ ဘီးစပ်ရွက်များအား သွားခူး၏။ ပြီးတော့ သူမ၏ လက်ဖ၀ါးထဲတွင် ညှစ်ကာ အရေထွက်လာသည်အထိ ဖိနယ်လိုက်၏။ ပြီးတော့ ကျနော့် လက်ကောက်ဝတ်မှ ကိုင်လျက် လက်ဖ၀ါးပေါ်သို့ ဘီးစပ်ရွက်ရည်များကို ညှစ်ချရင်း သူမ၏ လက်ဖ၀ါး ကြမ်းကြမ်းများဖြင့် သေချာ ပွတ်သပ်ပေးနေ၏။ စပ်လိုက်သည့် ဖြစ်ခြင်း …။ တပြိုင်နက်ထဲမှာလည်း လက်ကြောမတင်းလိုက်တဲ့ သူပဲဟု အထင်သေးသွားမလားဆိုသည့် စိတ်ပူမှုဖြင့် …။ ကျနော်က နာသော်လည်း မနာချင်ယောင် မမှုယောင် ဆောင်ကာ ကြိတ်မှိတ်ပြီး ဆန်ဖွတ်ကျည်ပွေ့ကို ပြန်ယူပြီး ဖွတ်မည်ပြင်တော့ သူက ရယ်လျက် စကားပြန် လုပ်ပေးသော ကောင်မလေးအား ရှမ်းလို ပြောလိုက်၏။ ကောင်မလေးက `အကို … နန်းယဉ်က ပြောတယ်။ အကို မကူပါနဲ့တဲ့။ သူထောင်းတာ ပိုမြန်တယ်တဲ့´ ကျနော်လည်း နည်းနည်းရှက်သွားသလို ငါ ပေါ်တင်ကြီးများ ပိုးပန်းလိုက်မိလေသလားဟု ကိုယ့်ဟာကိုယ် ပြန်တွေးမိရင်း `ဒါဆို တခုခုတော့ ကူပါရစေ´ ဆိုတော့ စကားပြန် ကောင်မလေးက ပြန်ပြောပေးပြန်၏။။ နောက်ဆုံးတော့ နန်းယဉ်က ကျနော့်ကို စပါးလုံးရွေးခိုင်းပါတော့၏။

ကျားကျားလျားလျား ကျနော် … ဆန်ဖွပ်နေသော မိန်းကလေးတယောက်၏ ဘေးနား ခြေပစ်လက်ပစ်ထိုင်ကာ စကောကို ပေါင်ပေါ်တင် … သေနတ် ဘေးနားထောင်လျက် ပြောက်ကျား ယူနီဖောင်းကြီးဖြင့် ဆန်ထိုင်ရွေးပေး နေရပါတော့၏။

* * * * *

နေ့လည် ထမင်းချက်ချိန် ကျနော် ထမင်းချက်၏၊ ပဲလုံးဆေးခါးဟင်း ချက်၏။ ပဲပုတ်ကလေး ကင်၊ နံနံပင် ငရုတ်သီးစိမ်း မီးအုံး၊ ပူစီနံ ပဒဲကော ဂျင်း ဂျူးမြစ် ခရမ်း ကဇောခါးသီး မီးဖုတ် အားလုံး ရောကာ ရဲဘော်တယောက်က ထောင်း၏။ ဆာဆာနှင့် ဆန်ကြမ်းထမင်းဖြင့် စားရသော နေ့လည်စာသည် ဗိုက်ကား မတတ် …။

နေ့လည် ထမင်းစားပြီးတော့ ညနေပိုင်းတွင် လူထုဆွေးနွေးပွဲ လုပ်ရန်အတွက် ရွာမှ သက်ကြီးရွယ်အိုများနှင့် သူကြီးအား မေတ္တာရပ်ခံ၏။ သူကြီးနှင့် ရွာမိရွာဖများကတော့ တပြုံးပြုံး …။ ခရီးဝေးကြီးတခုအား ကာလကြာမြင့်စွာ ထွက်သွားသည့် သားများ အိမ်ပြန်ရောက်လာသကဲ့သို့သော နွေးထွေးမှုမျိုးဖြင့် သားတို့ ခရီးအကြောင်း … အခက်အခဲတွေ အကြောင်း ... အတွေ့အကြုံတွေအကြောင်း … မိသားစု စကားဝိုင်းမှာ ပြုံးပြုံးကြီးဖြင့် နားထောင်သည့် မိခင်ဖခင်များသဖွယ် …။

* * * * *

မှောင်လုရီ ဆည်းဆာရိပ်မှာ တဖိတ်ဖိတ် တောက်နေသော နီအိုရွှေရင့်ရောင် အလင်းတို့သည် တစစီ ကွဲကြေလိုက် အလိတ်လိုက် ခုန်ပျံလိုက်ဖြင့် အင်းရေပြင်သည် လေပြေနှင့်အတူ နော့သွေး လှိုင်းခတ်လျက် …။ ကျနော်လည်း လှေကလေးတစီးကို ကျနော်တို့ တည်းခိုသော မိသားစုထံမှ ခဏငှားကာ အင်းရေပြင်တွင် မရဲတရဲ လှော်ခတ်ကြည့်နေမိ၏။ စိမ်းမှောင်ကြည်လဲ့သော အင်းရေပြင် အောက်ခြေတွင်တော့ ရေအောက် ရေမှော်မြက်ပင်တို့ အထွေးလိုက် အထွေးလိုက် လွန့်လူး ယိမ်းနွဲ့လျက် …။ ငါးကလေးများ ယိုင်တလှည့် ငြိမ်တခါ လူးလွန့်လျက် …။ ပါးဟက်လေးများ ဟစိ ဟစိ အမြီးလေးများ ခတ်သည်ဆိုရုံခပ်လျက် …။ အစာရှာ ကူးခတ်နေသလား၊ ကြင်ဖော်ရှာ ကိုယ်ရည်သွေး နေကြသလားတော့ မသိ …။ ကျနော်ကတော့ အတိုင်းသား မြင်နေရသော အင်းရေပြင်အောက်မှ အလှတရားများကို တလှည့် အင်းတဖက် တချက်မှ ညို့ပြာမှိုင်း တောင်တန်းကြီးများကို တဖက် မျက်စိအရသာခံကြည့်ရင်း ဘ၀မေ့နေမိတော့သည်။

ကမ်းနှင့် ဝေးဝေးလည်း ကျနော် မလှော်ရဲပါ …။ ကျနော့်ပေါင်ပေါ် လှော်တက်ကို ကန့်လန့်ဖြတ်တင်ရင်း လှေပဲ့ ခပ်ပြားပြားပေါ်တွင် ထိုင်ကာ တယောက်ထဲ … ဟာတာတာ ခံစားမှုဖြင့် … စိတ်ပုံရိပ်တွင်တော့ … အတိတ် နေ့ရက်များတို့သည် အနှေးတလှည့် အမြန်တလှည့် … တခါတရံ တ၀က်တပျက် လျပ်ကနဲ … ၀ိုးတ၀ါး ဖြစ်သွားလိုက် ပြက်ကနဲ ထင်းကနဲ ကြည်လင်လာလိုက် …။

နေရောင်ပျောက်လုမှာ ... ကျနော် လှေကလေးကို ကမ်းစပ်ဖက် အေးအေးဆေးဆေး ပြန်လှော်လာရင်း လေကိုဆန်ရင်း ရေစပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်သွမ်းသွေးရင်း ပြေးလာတဲ့ ကောင်မလေး နှစ်ယောက်ကို ကျနော်မြင်နေရတယ်။ ပြေးတဲ့အဟုန် လေတိုးတဲ့ အရှိန်နဲ့ လှပပြည့်ဖြိုးပြီး အဆီတထပ်မရှိတဲ့ ခန္ဓာကိုယ် အလှဟာ တင်းတင်းရင်းရင်း ထင်းထင်း ကြည်ကြည်နဲ့ ကျနော့်အာရုံမှာ ဘယ်သောအခါမှ ပျောက်ပျက် မသွားနိုင်တဲ့ ဆေးမှင်ကြောင် အလှတခုအဖြစ် …။

(ဆက်ဖတ်ပါရန် …)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ