
ဂျပန်နိုင်ငံမြို့တော်တိုကျိုတစ်ဝန်းရှိ ပြည်သူ့စာကြည့်တိုက်များတွင် အများပြည်သူဖတ်ရှုနိုင်ရန် ထားရှိထားသော နာဇီအကျဉ်းစခန်းရောက် ဂျူးဒုက္ခသည်မိန်းကလေး အန်းဖရန့်၏ Diary of a Young Girl စာအုပ်များ ရာနှင့်ချီ၍ ဖျက်ဆီးခံခဲ့ရကြောင်း တာဝန်ရှိသူများက စေက်တင်ဘာ ၁ ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါစာအုပ်သည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးများကို အစုလိုက်အပြုံလိုက်သတ်သည့်ကာလ၌ အန်းဖရန့်၏ စစ်ပွဲကာလနေ့စဉ် မှတ်တမ်းဒိုင်ယာရီစာအုပ်အား ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်။ ဘာသာစကား ၆၀ ကျော် ဖြင့်ထုတ်ဝေထားသည့် ယင်းစာအုပ်ကို ယူနက်စကို၏ ကမ္ဘာ့ အောက်မေဖွယ်မှတ်တမ်းတွင် ၂၀၀၉ ခုနှစ်က ထည့်သွင်းခဲ့ကြောင်းသိရသည်။
ယင်းစာအုပ်၏ အုပ်ရေ ၂၅၀ ထက်မနည်းတွင် အန်းဖရန့်၏ကိုယ်ရေးရာဇ၀င်၊ နာဇီများက ဂျူးများကို နှိပ်စက်ညှင်းပန်းမှုများနှင့် အခြားဆက်စပ်အကြောင်းအရာများပါဝင်သည့် စာမျက်နှာများ အရေအတွက်အားဖြင့် စာမျက်နှာ ၁၀ မှ ၂၀ အကြားဆုတ်ဖြဲခံခဲ့ရကြောင်း တိုကျိုပြည်သူ့စာကြည့်တိုက်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယင်းသို့ဖျက်စီးခံရမှုသည် ထိတ်လန့်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အမေရိကန် အခြေစိုက် အပြည်ပြည်ဆိုင်ရာဂျူးအခွင့်အရေးအဖွဲ့ Simon Wiesenthal စင်တာက ထုတ်ပြန်ခဲ့သည်။ "ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ ကပ်ဆိုးကြီးအတွင်း နာဇီတွေရဲ့လက်ချက်ကြောင့် ဂျူးကလေးငယ် ၁ ဒသမ ၅ သန်းသတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ အထင်ရှားဆုံးမှတ်တမ်းကြီးကို မှေးမှိန် သွားစေဖို့ စနစ်တကျစီစဉ်ပြီး လုပ်ဆောင်မှုဆိုတာထင်ရှားပါတယ်" ဟုယင်းစင်တာ၏တာဝန်ရှိသူ အေဘရာဟမ်ကူးပါးက ပြောကြားခဲ့သည်။
View Website



































No comments:
Post a Comment