ရေနံကြွယ်ဝသည့် လစ်ဗျားနိုင်ငံ၌ အာဏာလွန်ဆွဲပွဲ တစ်ရပ် ဆက်လက် ဖြစ်ပေါ်နေစဉ် မြို့တော် ထရီပိုလီရှိ လေဆိပ်ကို ပြိုင်ဘက်အုပ်စု တစ်စုက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ ရာထူးမှ ပြုတ်ကျခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ယင်းနိုင်ငံ၌ ပြိုင်ဘက်အုပ်စုများက သူတစ်လူငါတစ်မင်း ဆက်လက် စစ်ခင်းနေကြဆဲဖြစ်သည်။ မြို့တော်ထရီပိုလီတွင် နွေရာသီ ကာလအတွင်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ယင်းမြို့ ကို ထိန်းချုပ်နိုင်ခဲ့သော အုပ်စုတစ်စုက စင်ပြိုင်အစိုးရအဖွဲ့ တစ်ဖွဲ့ကို ထူထောင်ခဲ့သည်။
နိုင်ငံတကာ၏ အသိအမှတ်ပြုခံရသော အစိုးရအဖွဲ့မှာ လစ်ဗျားနိုင်ငံအရှေ့ပိုင်းသို့ ရွှေ့ပြောင်းခဲ့ရပြီး မြို့တော် ထရီပိုလီကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။
ထရီပိုလီ လေဆိပ်ကို ဒုတိယအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ခါလီဖာ ဟက်ဖ်တာ ဦးဆောင်သောအုပ်စုမှ လေတပ်အကြီးအကဲ ဆာကာအယ်ဂျိုရပ်ရှီက ပြောကြားသည်။
တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းကြောင့် ခရီးသည် တင်လေယာဉ်များ ပြေးဆွဲမှုကို ရပ်ဆိုင်းထားရကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
No comments:
Post a Comment