Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

အကြင်နာမဲ့ရပ်ဝန်းများမှာ

ဆေးရုံ၊ တရားရုံး၊ တစပြင်တို့ ဆိုတာ မစည်ကားအပ်တဲ့ အရပ်တွေ ဆိုပေမဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ကျော် အချိန်ကာလက ရန်ကုန် ဆေးရုံကြီးလို့ ခေါ်ကြတဲ့ R.G.H ( Rangoon General Hospital ) မှာ လပေါင်းများစွာ ရန်ကုန်က လူတွေ ဒုနဲ့ဒေး စုရုံးပြီး စနစ်တခုကို တိုက်ဖျက် ပစ်ဖို့၊
နိုင်ငံတခုရဲ့ သမိုင်းတခုကို လှုပ်ယမ်း ပစ်လိုက်ဖို့ ဒီနေရာလေး တဝိုက်မှာ လပေါင်း အတန်ကြာ နည်းပေါင်းစုံနဲ့ စည်ကား နေခဲ့ဖူးတယ်။

ဒီအချိန်တွေကို ပြန်ပြောင်း ပြောရင် ဒေါသ အတောင့်လိုက် ထွက်တယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခုကျော်ကို နောက်ပြန်ဆုတ်ပြီး ရန်ကုန်ဆေးရုံကြီး လူသတ်ကွင်း အတွေ့အကြုံတွေကို ဆေးရုံကြီး သွေးလှူဘဏ် က ဓါတ်ခွဲခန်းမှူး တဦးက ပြန်ပြောင်း ပြောပြနေတယ်၊ အရင် နေ့တွေက မြိုတော်ခမ်းမ ရှေ့မှာ ပစ်တယ် ခတ်တယ် ကြားရတယ်၊ မနေ့က  ကတည်းက ဆေးရုံကို ကျောင်းသား အရွယ်လေးတွေ ဒါဏ်ရာရပြီး ရောက်လာတာတော့ ရှိနေပါပြီ၊ မျက်မြင် ဒိဋ္ဌကြုံတာ ကတော့ နောက်တနေ့ပေါ့၊ သုဝဏ္ဏမှာ နေတော့ နံပါတ် ၃၈ကားစီး ပုဇွန်တောင်ဈေးမှာဆင်း ပြီးတော့ နံပါတ် ၃ကားလေး ပြောင်းစီးရင်ပဲ အချိန်က အတော်လေး လင့်နေပြီ၊ ပြီးတော့ ဆေးရုံကြီးရှေ့ ကားဆိုက်တော့ အလုပ်ရှိရာ ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်။
ရန်ကုန်သားတွေ ငါး၊ ခြောက်၊ ငါး၊ ခြောက်လို့ အခေါ်များတဲ့ ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဋ္ဌာန အနောက်ဖက်က  ရုံးခန်း ရှိရာကို ထမင်းချိုင့်လေး ဆွဲလို့ လာတယ် ဆိုရင်ပဲ ပင်မအဆောင် (၁)/ (၂) လောက် အဖြတ်မှာ လမ်းတလျှောက် လူတွေ ရုံးစုရုံးစု တွေ့လို့ ငေးကြည့် လိုက်တော့ ဆေးရုံကြီး အပြင်ဖက် ဗိုလ်ချုပ်လမ်းမ တလျှောက် ပလက်ဖေါင်းပေါ်မှာ ဆေးရုံဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ဆိုင်းဘုတ်တွေ ပိုစတာကိုင်လို့ အပြစ်မဲ့ အရပ်သားတွေ၊ ကျောင်းသူ/ကျောင်းသား တွေကို ပစ်ခတ် သတ်ဖြတ်ခြင်း မလုပ်ဖို့ စစ်တပ်ကို ကန့်ကွက် ဆန္ဒပြ မေတ္တာရပ်ခံနေကြတာ တွေ့ရတယ်။ ဒါနဲ့ အလုပ်များ နောက်ကျနေမလား စိုးစိတ်နဲ့ လက်ထဲက နာရီလေးကို ငုံကြည့် မိတယ် ဆိုရင်ပဲ ၁၀-၈-၁၉၈၈ လို့ အမှတ်မထင် ရက်စွဲကိုပါ ဖတ်မိလိုက်တယ်၊ ရောဂါရှာဖွေ လေ့လာရေးဋ္ဌာန ရုံးခန်းရောက်လို့ ထမင်းချိုင့် စားပွဲပေါ်တင်တယ် ဆိုရုံပဲ ဋ္ဌာနစိတ်မှူးက ဘုန်းတော်ကြီး ၃ပါး သွေးလှူချင်လို့၊ ကဲ …. ဆရာမောင် …ရေ ဒီမှာ… သွေးလှူဘဏ် လိုက်ပို့ လိုက်ပါဦးဆိုတော့ ဘုန်းကြီး ၃ပါး ပင့်ပြီး ထွက်လာခဲ့တယ်၊ သွေးလှူဘဏ် ရောက်လို့ ဘုန်းကြီး ၃ပါး ထားခဲ့တယ် ဆိုရင်ပဲ သွေးဖေါက်တဲ့ အခန်းက အကူညီတောင်းလို့ အကူညီ ပေးနေရသေးတယ်၊ အဲဒီ ဋ္ဌာနဆီမှာပဲ အချိန်က အတော်လေးနှောင်း သွားပြီး သတိထားမိတဲ့ အချိန်မှာတော့ မွန်းလွှဲလောက်ရှိပြီ ထင်ပါရဲ့။
ရုံးခန်း ပြန်မယ် အလုပ်မှာ ဗိုလ်ချုပ်လမ်းဆီ ပြန်ကြည့်မိတော့ သူနာပြုတွေ ဆရာဝန် ဆရာမတွေပါ စစ်တပ်ကို မပစ်ခတ်ကြဖို့ မေတ္တာ ရပ်နေတာ လမ်းမပေါ် တွေ့နေရသေးတယ်၊ အောင်မယ် … သေခြာကြည့်တော့ အလံတွေ ဘာတွေလား မသိ ထပ်တွေ့ နေရသေး၊ ဒီတင်ပဲ လမ်းမတော် အနောက်ဖက် အရပ်ကနေ အရှေ့ဖက် အရပ်ဆီသို့ ဗိုလ်ချုပ်လမ်းအတိုင်း စစ်ကား တီအီ ၁၁ အမျိုးအစားကားနဲ့ လက်နက် အင်အားအပြည့် ထရပ်ကား ၇စင်း မောင်းချ လာပါလေရော၊ ဆေးရုံရှေ့က ဆရာဝန်တွေ ဆရာဝန်မတွေ ကတော့ နေမြဲအတိုင်း စစ်တပ်ကို မပစ်ခတ်ဖို့ တိုက်တွန်းတဲ့ ဆိုင်းဘုတ်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ မေတ္တာရပ်ခံ နေကြတယ်၊ ဒီတင် စစ်ကားတွေလဲ မြင်ရော ဒေါသထွက်နေကြတဲ့ လူတွေထဲက ဆဲဆိုကြတယ်၊ ခဲ(ဂဲ)နဲ့ ပေါက်တယ်လို့ နောက် ပြန်ကြားရတာပဲ ဒီတော့ စစ်ကားတန်းကြီးက ဆေးရုံကြီး မျက်နှာစာတန်း အဆောင် ၁/၂ ရှေ့လောက်လဲ ရောက်ရော သေနတ်နဲ့ တွေ့သမျှ လက်နက်မဲ့ ဆေးရုံဝန်ထမ်း၊ ဆရာဝန်တွေ၊ သူနာပြု၊ အရပ်သူ အရပ်သားတွေဆီ ပစ်ခတ်တော့တယ်၊ ထိတဲ့လူ ထိ၊ သွေးအိုင်ထဲ လဲကျတဲ့လူ လဲကျ၊ ကြောက်အား လန့်အားနဲ့ ပြေးတဲ့လူ ပြေးနေကြချိန်မှာ၊ ဦးမောင်မောင်က မြန်မာပြည်အနှံ့ ဝန်ထမ်းလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ အော်တိုမစ်တစ် စက်သေနတ်သံ ကြားလို့ နီးစပ်ရာ အုတ်တိုင်နံရံ ကျည်ကွယ်ရာမှာ ကပ်နေလိုက်ပြီး ကျည်လာမဲ့ လမ်းကြောင်းရှာကာ ဝရုန်းသုန်းကား ဆေးရုံကြီးထဲ ပြေးဝင်လာတဲ့ လူအုပ်ကြီးကို ကျည်ကွယ်ရာ လမ်းညွှန် ပေးလို့နေမိတယ်။
သူ့ မြင်ကွင်းထဲ ယနေ့ထိ တကယ်မထွက်ပဲ နေတာကတော့ သူနာပြု ဆရာမတယောက် ရင်ဘတ်စည်တီးပြီး “အောင်မလေး တကယ် ပစ်ရက်ကြ တယ်လို့” ဆို .. ဆိုပြီး သူလဲ ပြေးလာတဲ့ သူတွေကို သူလည်း ကျည်လွတ်ရာ လမ်းညွှန်နေတယ်လို့ ဆိုတယ်၊ ဦးမောင်မောင် မြင်ခဲ့ရတဲ့ ဒီမြင်ကွင်းကို ပြန်ပြောင်း ပြောပြရာမှ သူရောက်နေတဲ့ အဆောင် ၁/၂ နံဘေးက ဆေးရုံအုပ်ကြီး ရုံခန်း နားကနေ ကြည့်လိုက်ရတဲ့ မြင်ကွင်းက ဗိုလ်ချုပ်လမ်းမကြီးဟာ ဆေးရုံကြီး ထက်အနည်းငယ် မြှင့်တဲ့ အနေထားမှာ ရှိနေပြီး၊ ဆေးရုံကြီးဟာ အနည်းငယ် နိမ့်တဲ့ နေရာမှာ ရှိနေကာ သတ်ကွင်းပမာ စစ်ကားပေါ်ကနေ ဆေးရုံကြီးကို “ဒါ ဟော်တယ်ကြီးပဲ ဗ.က.ပ တွေ ခိုအောင်းနေတယ်” ပြောပြီး ပစ်မိန့်ပေးခဲ့တဲ့ စစ်ဗိုလ်မှူးကြီးတွေ ဘယ်လို အသည်းနှလုံးမျိုး ပိုင်ရှင်တွေ ပါလည်း မေးမြန်းချင်မိပါ သတဲ့၊ ဆက်ပြီး သူပြောပြနေတာ ရှိသေးတယ်၊ ရန်ကုန် ဆေးရုံကြီး အရှေ့ ဗိုလ်ချုပ်လမ်းမ ဆိုတာ လူနာ/သူနာတွေကို ငဲ့ညာတဲ့ အနေနဲ့ ခေတ် အဆက်ဆက်က ကားဟွန်း မတီးရတဲ့ ဇုံနေရာမျိုးမှာ အဲဒီနေ့ သူမြင်ခဲ့ရတဲ့ မြင်ကွင်းဟာ T.E – 11 စစ်ကားကြီးတွေ ပေါ်ကနေ မိုးကြိုး ၁၀စင်း တပြိုင်ထဲ ပစ်သလို ငရဲပွက် အမျှ ဒလစပ် စက်သေနတ်တွေနဲ့ အပြစ်မဲ့သူတွေကို ပစ်ခတ်နေတာကို ကာဘိုက် ယမ်းငွေ့တွေကြားမှာ စာနာမဲ့ တရား နဲ့ လုပ်ရက်လေခြင်း ဆိုပြီး “ငါလေ… ဒီအချိန် ယောက်ျားကြီး တန်မဲ့ မျက်ရည်စက်လက် ကျခဲ့ရတယ်” လို့ သူက ဆိုတယ်။
ဒီလို တော်လဲသံလို ရန်ကုန်ဆေးရုံကြီးကို အသိမဲ့ ပစ်ခတ်မှုဖြစ်တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀က ဖြစ်ရပ်ဟာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကို ပြိုလဲစေပြီး၊ စစ်အာဏာရှင် မျက်နှာဖုံး ခွာချဖို့ လူထုနဲ့ စစ်တပ် လမ်းခွဲ အစပျိုးတဲ့ တွန်းအားတွေလို့ ဆိုပါတယ်၊ ဒီနေ့ ဒီရက်က စပြီး ရန်ကုန် ဆေးရုံကြီးကနေ ၃ရက် တိုင်တိုင် အိမ်မပြန်နိုင်တော့ပဲ အလုပ်ထဲမှာပဲ အိပ်ရကောင်း၊ ပင်ပမ်းရကောင်း မသိပဲ၊ နေနေခဲ့စဉ် တကယ် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် တွေကို စီကာပတ်ကုံး ပြောပြနေတော့ ပြန်တယ်၊ နောက်ရက် ကျပြန်တော့ မစည်ကားအပ်တဲ့ အရပ်မှာ အရေးပေါ် ဒဏ်ရာရတဲ့ သူတွေ ပျားပန်းခပ် အမျှ တဖွဲဖွဲရောက်လို့ လာပြန်တယ်၊ လုပ်သင့်တဲ့ အလုပ်လို့ မိမိ အသိစိတ် တွန်းအား တခုထဲနဲ့ပဲ အလုပ်လုပ်နေကြတဲ့ Blood Issue Section က ဓါတ်ခွဲခန်းမှူး ( Technician ) ၁၈ဦးနှင့် အတူ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ဝင်း တို့ဟာ ဆေးရုံကြီးရဲ့ အဓိက လိုအပ်ချက် ဖြစ်တဲ့ သွေးပေးဋ္ဌာနမှ ဒဏ်ရာရ အပြစ်မဲ့ သူတွေ အသက်ဆက်နိုင်ကြဖို့ လိုအပ်ချက် သွေးတွေကို မပြတ်လပ်စေဖို့ နေ့မှန်းမသိ၊ ညမှန်း မသိ စွမ်းဆောင်နေကြတယ်။ အဲဒီ နေ့တွင်းချင်းပဲ ဆေးရုံရှေ့ ဒါဏ်ရာရ သေဆုံးသူများ အတွက် ပန်းခွေ၊ ပန်းခြင်း၊ ဘုန်ကြီးထီးတွေနဲ့ လွမ်းသူ့ ပန်းခွေတွေ ထားကာ ကျောက်တိုင်လိုလို ဘုန်းကြီးထီးတွေ ထောင်ပြီး လွမ်းသူ့ ဗိမာန် လုပ်လိုက်ကြတယ်။
နောက်တနေ့ မနက် ရောက်ပြန်တော့ သစ်တောဦးစီးက အစိမ်းရောင် TE-11 ကား ၁၁စင်း ဝင်လာပြီး ဗိုလ်မှူးတယောက်က ဦးဆောင်ကာ ဆေးရုံ အရေးပေါ်ဋ္ဌာန တာဝန်ရှိသူကို ကားပေါ်မှာ ပါတဲ့ မသေသေးတဲ့သူ ကားတစင်းကို ၂ဦးကျစီ ယူခွင့်ပေးတယ်၊ လူနာ သယ်ရာမှာလည်း အမျိုးသား သူနာပြုတယောက်နဲ့ အမျိုးသမီး တာဝန်ခံ ဆရာဝန် တယောက်သာ ကားပေါ်တက် ယူဆောင်ခွင့် ပြုတယ်လို့ ဆိုတယ်၊ ရန်ကုန်မြို့ အနှံ့ပစ်ခတ်လာတဲ့ သူတွေ ကို သေသူ ရှင်သူ မခွဲပဲ စုပုံတင်လာတာ ဖြစ်ပြီး မသေသေးတဲ့ လူ၂ဦးသာ ယူဆောင်ခွင့် ပေးတဲ့ စစ်တပ်ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ပါတယ် ဆိုတာ အသင် ယုံကြည်ပါရဲ့လား? လို့ ဦးမောင်မောင်က စာရေးသူကို မျက်လုံးတွေ ထဲကနေ မေးချင် နေပုံရတယ်။ သူ ဆက်ပြော နေတာကတော့ အဲဒီ သစ်တောဋ္ဌာနက တီအီး ၁၁ ကား အနောက်ဖက်ကို ကြည့်လိုက်တော့ လူနာငြီးသံတွေ အပြင် ကားအနောက်ဖက် တံခါးအဖွင့် ပတ္တာကြားကနေ သွေးတွေ ယိုစီး ကျနေတာဟာ ကြွက်မြီးကို တန်းနေတယ်လို့ ဆိုတယ်။ ဒီအချိန် လုံထိန်းတွေကို လက်မောင်း တံဆိပ်တွေခွာကာ တပ်မတော် ဘက်တံဆိပ်တွေ ကပ်ခိုင်း ထားတာလဲ ရည်ရွယ်ချက် ရှိစွာ လုပ်ဆောင်တာလို့ ဦးမောင်မောင်က တခုတ်တရ ပြောပြနေတယ်၊ အဲဒီနေ့ပဲ မနေ့ကမှ ဆေးရုံကြီးရှေ့မှာ လုပ်ထားတဲ့ လွမ်းသူ့ဗိမာန်ကို စစ်ကားတွေနဲ့ လာပြီး ကန်ရိုက်ချိုး ဖျက်ဆီးသွားပြန်တယ် လို့ ဆိုပါတယ်။
ဒီ ၁၉၈၈ ကာလမှာ ကျောက်မဲဖက်က ခြေမြန်တပ်ရင်း တခုမှ တာဝန် ထမ်းဆောင်နေတဲ့ ( ယခု နယူးဇီလန် ရောက် ) စာရေးသူရဲ့ မိတ်ဆွေ ထွန်းလင်းထိန် က တခါသားမှာ စာရေးသူကို ပြောပြဖူးတယ်၊ ၁၉၈၈ အရေးတော်ပုံ ကာလမှာ သူတို့ ကို ရှေ့တန်းကနေ ရန်ကုန်ခေါ်လာပြီး အောင်ဆန်း အားကစားကွင်းထဲ အရက် ကိုးမောင်းတိုက်ပြီး ထားသတဲ့၊ နောက်ရက်များ ကျတော့ ရန်ကုန်မြို့ထဲ ဗ.က.ပ ဝင်တယ်လို့ ဆိုပြီး၊ ဆေးပြားတွေ တိုက်ကာ ဗ.က.ပ တွေဟာ နဖူးစည်း အနီတွေ ပတ်ပြီး အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းတွေ ဝတ်ထားတယ်လို့ ပြောပြီး စစ်ကားတွေနဲ့ လိုက်ပစ်ခိုင်းတယ်လို့ ဆိုပြန်တယ်၊ သူ့စိတ်ထဲ ပထမကတော့ မူးနေတော့ မသိဖူးပေါ့လေ နောက်တော့ အသိစိတ် ဝင်လာချိန်မှာ ဗ.က.ပ တွေဟာ လက်နက်လဲ မပါ၊ ငယ်လှချေလား စဉ်းစားမိပြီး၊ နောင် ဘက်ပြောင်းကာ ကျောင်းသားတပ်မတော်မှာ ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်ခဲ့တဲ့ သူငယ်ချင်း ဖြစ်သူ ပြောစကားတွေ ကို ဓါတ်ခွဲခမ်းမှူးကြီး ပြောပြတဲ့ အရာတွေနဲ့ ချိန်ထိုးကြည့်လို့ နေမိတယ်။
ဆေးမှူးကြီးက ဆက်ပြောပြန်တယ်၊ နောက် သြဂုတ်လ (၁၇)ရက်နေ့ မှာလည်း တို့ .. ရန်ကုန်ဆေးရုံကြီးက ဆရာဝန်တွေ သူနာပြုတွေ ကတော့ အာဂပဲဟေ့ … ဒီလောက် ပစ်ခတ်နေတာကို ပြည်သူတွေရဲ့ ဘက်မှာ ရပ်တဲ့ ဘက်တော်သားတွေ အဖြစ်ကနေ ကိုယ်စားပြုပြီး၊ အစိုးရဟာ နောက်ထပ် သတ်ဖြတ်မှုတွေ မလုပ်ဖို့ နောက်တကြိမ် မေတ္တာရပ်ခံ ကန့်ကွက် ကြသေးတယ်၊ အဲဒီမှာ ဗိုလ်ချုပ်လမ်းနဲ့ လမ်းမတော်လမ်းဒေါင့် ဖြတ်မောင်းလာတဲ့ စစ်သုံး ဘရင်းကယ်ရီယာ တစင်းကို လူတွေ သောင်းဂဏန်းလောက် ရှိမလားပဲ လူစု လူဝေးတွေနဲ့ ဝိုင်းထား ခဲ့ဖူးသေးတယ်၊ စစ်အစိုးရဟာ အာဏာတည်မြဲဖို့ ဆို လူသတ်ဖို့ လက်ယဉ်နေတာ ကြာပြီလို့ ဆိုပြန်တယ်၊ ဒီလို ကာလတွေမှာပဲ အလုံမြို့နယ်က ရန်ကုန် ကလေးဆေးရုံက ရေတိုင်ကီထဲကို အဆိပ်ခပ်ဖို့ ကြိုးစားနေတာကိုလဲ ဝန်ထမ်းတွေ မြင်လို့ လက်ရ ဖမ်းဆီး ရခဲ့ဖူးတယ်။ ဒီရက်ပိုင်းတွေမှာ နိုင်ငံနဲ့ အဝှမ်း အစိုးရဋ္ဌာန ယန္တယားတွေ အားလုံး ရပ်ဆိုင်းသွားပေမဲ့ မရှိမဖြစ် အရေးကြီးတဲ့ ဋ္ဌာနတွေက ဝန်ထမ်းတွေ က မိမိတို့ အသိတရားနဲ့ ဆက်ပြီး တာဝန်ကို လုပ်ဆောင်နေတာ မျိုးတွေတော့ ဆက်ပြီး ရှိနေကြတယ်လို့ ဆိုတယ်၊ သွေးလှူဘဏ်မှာ သွေးမပြတ်အောင် ရန်ကုန်နဲ့ ရွာနီးခြောက်စပ် အရပ်က သွေးတွေကို မှာယူခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းကရိယာတွေ သွေးသွင်းပိုက်တွေ ပြတ်လပ် လာတာမျိုးတွေ ရှိခဲ့တော့  ဆေးရုံကြီး အနောက်ဖက် တရုတ်တန်း၊ လမ်းမတော် အရပ်ဆီမှာ လှည့်လည် အလှူခံ ရဖူးတယ်လို့ ဆိုတယ်။
ပြောရရင် သြချလောက်တဲ့ တို့ နိုင်ငံက စစ်အစိုးရ … သတ္တဝါတွေရဲ့ အသက်ဆက်တဲ့ နေရာ မေတ္တာ၊ ဂရုဏာ ထားရမဲ့ ရပ်ဝန်းမှာ သနား အကြင်နာမဲ့စွာ လက်ရဲ ဇက်ရဲလွန်းလို့ စာဖွဲ့လို့ ပြောပြမတတ်အောင် ရင်နဲ့မချိ ဖြစ်နေရတယ်၊ သူတို့ကြောင့် တို့ပြည်သူတွေ နိစ္စဓူဝ  အရာရာ နိမ့်ပါးမှု များစွာနဲ့ ယဉ်ပါးပြီး ကမ္ဘာ့အလည် မျက်နှာငယ် ရတယ်လို့ … သူ့အိမ် ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံဖက်လှည့်ပြီး တစုံတခုကို အားမလို အားမရ ဖြစ်နေသလိုလို တိုင်တည်နေသလိုလို ပုံနဲ့ စာရေးသူကို ကျောခိုင်းကာ ပြောပြ နေပါတော့တယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ