ဆန်ပက်ဒရို ဒယ်လ်ပီနာတာ ကမ်းခြေတွင် ရေကူးရင်း မတော်တဆ ရေနစ်သည့် အခြေအနေမျိုး ကြုံလာရသည့် ဧည့်သည်များအတွက် ဘရူနိုသည် သက်တော်စောင့် ခွေးကလေး ဖြစ်လာခဲ့သည်။
နယူးဖောင်လန်မျိုးနွယ် ခွေးကလေးသည် ရေကူးအလွန်ကျွမ်းကျင်ပြီး သက်လုံရော၊ ခွန်အားပါ ကောင်းမွန်လှခြင်းကြောင့် ရေနစ်နေသူများကို ကူညီကယ်ဆယ်ရာတွင် အလွန် အသုံးဝင်နေခြင်း ဖြစ်သည်။
ၹ
ဆန်ပက်ဒရို ဒယ်လ်ပီနာတာတွင် တာဝန်ထမ်းဆောင်နေသည့် ကမ်းခြေ လုံခြုံရေး အစောင့် ဝန်ထမ်းတစ်ဦးသည် ၎င်းမွေးထားသည့် ခွေးကလေးကို ကမ်းခြေသို့ ခေါ်ယူလာခဲ့သည်။ ထို့နောက်တွင်မူ ကမ်းခြေစောင့်ဝန်ထမ်း ဒေးဗစ် အယ်လ်ဗာရက်ဇ် အနေဖြင့် ၎င်း၏ခွေးကလေး ဘရူနိုသည် ရေကူးကျင်လည်ရုံသာမကဘဲ အလွန်လေးလံသည့် ပစ္စည်းများကိုပင် ရေထဲတွင် ဆွဲယူနိုင်သော ခွန်အားမျိုး ရှိနေကြောင်း သတိပြုမိသွားခဲ့သည်။
ထို့နောက်တွင်မူ အယ်လ်ဗာရက်ဇ်သည် ဘရူနိုကို ကမ်းခြေလုံခြုံရေးအဖွဲ့၏ အချိန်ပြည့် ဝန်ထမ်းအဖြစ် စတင်ခန့်အပ် အသုံးပြုခဲ့သည်။ အယ်လ်ဗာရက်ဇ်သည် ဘရူနိုကို (၂)လသားအရွယ် ခွေးပေါက်လေး ဘဝကတည်းက မွေးမြူခဲ့ပြီး ထိုစဉ်က ဘရူနို၏ ကိုယ်အလေးချိန်သည် (၁၅)ပေါင်သာ ရှိသေးသည်။ “အဲဒီတုန်းကတော့ သူဟာ အခုလို အားကောင်းမောင်းသန် ခွေးတစ်ကောင် ဖြစ်လာမယ်လို့ ကျွန်တော် ဘယ်တွေးမိမလဲ”ဟု အယ်လ်ဗာရက်ဇ်က ဝန်ခံခဲ့သည်။
ယခုအချိန်တွင်တော့ ဘရူနိုသည် အယ်လ်ဗာရက်ဇ်၏ အချစ်တော် ခွေးကလေးအဖြစ်သာမကဘဲ လုပ်ဖော်ကိုင်ဖက် အနေဖြင့်ပါ အကူအညီ ရနေပြီ ဖြစ်သည်။ ၎င်းသည် အသက်ကယ်အင်္ကျီကို ဝတ်ဆင်ကာ အယ်လ်ဗာရက်ဇ်၏ လှေပေါ်တွင် အသင့်အနေအထား လိုက်ပါပြီး ကမ်းခြေတဝိုက်တွင် လှည့်လည် စောင့်ကြည့်ပေးလေ့ ရှိသည်။ “ကျွန်တော်က အိမ်မွေးခွေးလေး တစ်ကောင်လောက် မွေးချင်ခဲ့တာပါ။ အခုတော့ ကျွန်တော့်အတွက် လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်ပါ ရလာသလိုပဲ။ သူ့ကို စမွေးဖြစ်ပြီး (၂)ပတ်လောက်အကြာ၊ ကမ်းခြေကို ခေါ်လာကတည်းက ဘရူနိုဟာ အင်မတန် ရေကူးသန်တဲ့ ခွေးကလေးမှန်း ကျွန်တော် သတိထားမိလာတယ်လေ”ဟု အယ်လ်ဗာရက်ဇ်က ဆိုသည်။
ဘရူနို၏ ထူထဲလှသည့် အမွေးများနှင့် ပြန့်ကားနေသည့် ခြေထောက်များက ၎င်းကို သဘာဝအလျောက် ထူးချွန်သည့် ရေကူးသမားသဖွယ် ဖြစ်လာစေသည်။ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပေးထားသည့်အခါ ဘရူနို အနေဖြင့် ပင်လယ်ရေထဲတွင် ပိုမိုသက်တောင့်သက်သာ လှုပ်ရှားလာနိုင်ကြောင်း သိရသည်။ ပူနွေးသော နွေရာသီမျိုးတွင် ဘရူနို အနေဖြင့် ရေထဲဆင်းပြီး ကူးခတ်နေရခြင်းကို အလွန်ပျော်ရွှင်လေ့ရှိရာ ၎င်း၏ ဝါသနာနှင့် အလုပ်မှာ ထပ်တူကျနေသည်ဟု ဆိုနိုင်သည်။
ဘရူနိုကို အကောင်းဆုံး ကမ်းခြေလုံခြုံရေး ဝန်ထမ်း ဖြစ်လာစေသည့် အချက်များတွင် ၎င်း၏ ရေကူးကျင်လည်မှုသာမကဘဲ သက်လုံကောင်းမှုနှင့် ခွန်အားသန်မာမှုတို့လည်း အပါအဝင် ဖြစ်သည်။ ဘရူနိုသည် (၃)မိုင်မျှ အကွာအဝေးကို အနားယူစရာ မလိုဘဲ မပင်မပန်း ကူးခတ်နိုင်သော သက်လုံမျိုး ပိုင်ဆိုင်ထားသည်။ ထို့အပြင် ဘရူနို၏ ခွန်အားကို လက်တွေ့ စမ်းသပ်ကြည့်သည့်အခါ အယ်လ်ဗာရက်ဇ်တစ်ယောက် မျက်လုံးပြူး သွားခဲ့သည်။ အနက်ရောင် အမွေးများနှင့် ခွေးလေးသည် ရေအပြည့် ဖြည့်ထားပြီး တစ်တန်ခွဲ အလေးချိန်ရှိသည့် ပလပ်စတစ်ပုံးများကို ကမ်းခြေအရောက် ဆွဲတင်လာနိုင်ခဲ့သည်။
အဆိုပါ စွမ်းဆောင်ရည်များကြောင့် ဘရူနိုသည် ရေနစ်နေသူတစ်ဦးကို အလွယ်တကူ ဆွဲယူကယ်ဆယ်နိုင်သလို အလွန်တုန်လှုပ်နေသည့် လူတစ်ယောက်ကို ဖေးမပြီး ကမ်းခြေအထိ ကူးခတ်လာနိုင်ကြောင်း သိရသည်။ “ကျွန်တော်က ရေနစ်နေတဲ့ လူတစ်ယောက်ကို ကယ်ဖို့ ကြိုးစားနေချိန်မှာ ဘရူနိုက တခြားတစ်ယောက်ကို ကမ်းခြေပေါ် ဆွဲတင်လာပေးနိုင်တယ်။ ဒါမှမဟုတ် ကျွန်တော်က အရမ်းမောနေပြီဆိုရင် သူကပဲ ကျွန်တော်တို့ကို ဖေးကူပြီး ဆွဲခေါ်လာနိုင်ပါတယ်”ဟု အယ်လ်ဗာရက်ဇ်က ဆိုသည်။
ဘရူနိုကို ကမ်းခြေလုံခြုံရေး အစောင့်ဝန်ထမ်းအဖြစ် စမ်းသပ်အသုံးပြုမှု အောင်မြင်နေသည့်နောက် ဆန်ပက်ဒရို ဒယ်လ်ပီနာတာ ၎င်းနှင့် မျိုးနွယ်တူ နယူးဖောင်လန် ခွေးများကို ထပ်မံ မှာယူပြီး လေ့ကျင့်ပေးရန် စီစဉ်နေကြောင်း သိရှိရသည်။ အယ်လ်ဗာရက်ဇ်က “ကျွန်တော့် အလုပ်ရှင်တွေ ဘာလုပ်မလဲ ဆိုတာတော့ သေချာ မပြောတတ်သေးဘူး။ ဒါပေမဲ့ စမ်းသပ်မှု ရလဒ်တွေအရ သူတို့က ဒီစိတ်ကူးကို တော်တော် သဘောကျနေကြတယ်။ နောက်ထပ် ကမ်းခြေအစောင့် ခွေးတွေကို သူတို့တွေ အသုံးပြုလာလိမ့်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်”ဟု မှတ်ချက်ပြုသွားသည်




































No comments:
Post a Comment