အဲဒီအထဲမှာ ဂျာမနီ ဝန်ကြီးချုပ်၊ တရုတ်နိုင်ငံ သမ္မတနဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ ပါဝင်ပါတယ်။
ဂျာမနီဝန်ကြီးချုပ်ရဲ့ လည်ပတ်မှုကို သြစတြေးလျ မီဒီယာမှာ အတော်အသင့်သာ ဖော်ပြကြပေမယ့် တရုတ်သမ္မတက သြစတြေးလျ ခရီးစဉ်အတွင်း ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ် ရေးထိုးတဲ့အတွက် မီဒီယာ တွေမှာ အကြီးအကျယ် ဖော်ပြခံနေရပါတယ်။
ဒါပေမဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ Rock Star တစ်ယောက်လို ကြိုဆိုခံရတဲ့အတွက် မီဒီယာတွေက အိန္ဒိယ ဝန်ကြီးချုပ်ကိုလည်း မီးမှောင်းထိုးခဲ့ကြပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ဆစ်ဒနီမြို့မှာ ရှိတဲ့ အိုလံပစ်အားကစားရုံမှာ မိန့်ခွန်းပြောကြားခဲ့ပြီး အဲဒီအားကစားကွင်းမှာ လူပေါင်း တစ်သောင်းခြောက်ထောင်က တက်ရောက်ခဲ့ကြပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို တက်ရောက် နားထောင်ခဲ့သူတွေကတော့ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
တချို့ဆိုရင် တစ်ရက်ကြာ ကားမောင်းသွားပြီး သူတို့ ဝန်ကြီးချုပ်ရဲ့ ပြောစကားကို နားထောင်ကြတာ ဖြစ်သလို တချို့ကလည်း မဲလ်ဘုန်းမြို့ကနေ ရထားကို ၈ နာရီ စီးပြီး ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ ဟောပြောပွဲကို တက်ရောက်ကြတာ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလောက်အထိ အရေးပေးပြီး အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို နားထောင်ရသလဲလို့ မေးတဲ့အခါမှာတော့ သူတို့ခေါင်းဆောင်အပေါ် ချစ်ခင်တဲ့အကြောင်းကို အမျိုးမျိုး ပြောဆိုကြပါတယ်။
တချို့ကလည်း Narendra Modi ဟာ လူငယ်တွေရဲ့ စွမ်းအင်ကို မြင့်တင်ပေးတဲ့သူ ဖြစ်တဲ့အတွက် အရေးပေးတာဖြစ်တယ်လို့ ပြောကြသလို သူတို့ လေးစားတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ မိန့်ခွန်းကို နားထောင်တာ ဖြစ်တယ်လို့ ပြောကြပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းထဲမှာလည်း လူတွေအကြိုက် ပြောသွားတာရှိပါတယ်။
အိန္ဒိယ ပြည်သူတွေကို ရည်ရွယ်ပြီး ပြောသွားရာမှာတော့ နိုင်ငံတော်အတွက် အသေခံရမယ့် အခွင့်အရေးကို လူတိုင်းမရရှိနိုင်ကြပေမယ့် သက်ရှိထင်ရှားစဉ်အတွင်း နိုင်ငံတော်ရဲ့ ဂုဏ်အတွက် ကောင်းမွန်စွာ နေထိုင်သွားဖို့ အခွင့်အရေးကိုတော့ လူတိုင်းရရှိတဲ့အတွက် နိုင်ငံတော်ရဲ့ ဂုဏ်အတွက် ကောင်းမွန်စွာ နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယ ပြည်သူတွေကို စကားလုံးလှလှတွေနဲ့ တိုက်တွန်းရုံသာမက အိမ်ရှင်ဖြစ်တဲ့ သြစတြေးလျနိုင်ငံကိုလည်း မိန့်ခွန်းထဲမှာ ချန်မထားခဲ့ပါဘူး။
သြစတြေးလျနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးဟာ ခရစ်ကက် အားကစား မရှိပဲ မနေနိုင်ကြတဲ့ နိုင်ငံတွေ ဖြစ်ကြပြီး ခရစ်ကက် အားကစားကြောင့် အိန္ဒိယနဲ့ သြစတြေးလျအကြား ရင်းနှီးမှုတွေ အများကြီး ဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ခရစ်ကက်ထက်အရင်ဦးဆုံး သြစတြေးလျနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား တန်ဖိုးရှိတဲ့ ပူးပေါင်းမှုတစ်ခုကတော့ နှစ်နိုင်ငံစလုံးက ကျင့်သုံးတဲ့ ဒီမိုကရေစီပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေကို တခြား ကမ္ဘာ့နိုင်ငံတွေကလည်း အထင်ကြီးလေ့ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။
ဒီလို ဒီမိုကရေစီ နိုင်ငံအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ နိုင်ငံတော်ရဲ့ အကျိုးကို မျှော်ကိုးပြီး ကောင်းမွန်စွာ နေထိုင်သွားမယ်ဆိုရင် အဲဒီနိုင်ငံက ပြည်သူတွေအတွက် အသေခံပေးမယ့် နိုင်ငံ ဖြစ်သွားမယ်လို့လည်း ပြောသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဆင်းရဲတွင်းမှာ နစ်နေတဲ့အတွက် အဲဒီလူတွေကို ဘဏ်မှာ ငွေစာရင်း ဖွင့်ပြီး ငွေစုနိုင်တဲ့အထိ လုပ်ဆောင်ပေးချင်တယ်လို့ ပြောသွားခဲ့ပါတယ်။
အိန္ဒိယပြည်သူ သန်းပေါင်းများစွာက လျှပ်စစ်မီး မရကြသေးတဲ့အတွက် အဲဒီအတွက် ကြိုးစားနေသလို အိမ်သာတွေကိုလည်း ကြိုးစားဆောက်နေတယ်လို့ ပြောပါတယ်။
အမျိုးသမီးတွေအပါအဝင် အမျိုးသမီးတွေဟာ အိမ်သာတွေ မရှိတဲ့အတွက် ဟင်းလင်းပြင်ကြီးမှာ အလေးအပေါ့ သွားနေရတဲ့အတွက် အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်နေရပြီး အိန္ဒိယရဲ့ ဂုဏ်ကိုပါ ထိခိုက်ရတယ်လို့ ပြောသွားခဲ့ပါတယ်။
ပညာရှင်တွေကတော့ Narendra Modi ဟာ ပြည်ပမှာ နေထိုင်တဲ့ အိန္ဒိယတွေနဲ့ ရင်းနှီးမှု ရယူတာဟာ နိုင်ငံတကာမှာ ရှိနေတဲ့ အိန္ဒိယတွေက အိန္ဒိယအရေးကို နိုင်ငံတကာမှာ ဆွေးနွေးပေးနိုင်သလို ပြည်တွင်းက အိန္ဒိယပြည်သူတွေအပေါ်လည်း လွှမ်းမိုးမှု ရှိနိုင်တဲ့ လူတွေဖြစ်တဲ့အတွက် အခုလို အရေးတယူ ဆက်ဆံတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီကနေ့မှာတော့ သြစတြေးလျ ပါလီမန်မှာ စကားပြောဆိုပြီး ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေကို အဓိကထား ပြောဆိုနေပါတယ်။
![]() |
| အိန္ဒိယနဲ့ သြစတြေးလျကို ကုန်သွယ်ဘက်တွေ အဖြစ် မြင်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ဆို |




































No comments:
Post a Comment