Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 2, 2014

အပစ်ခတ်ရပ်စဲပြီးရင် ဘာဆက်လုပ်မလဲ

ထက်အောင်ကျော် (၀၁-၁၁-၂၀၁၄)

ဒီနေ့ နိုဝင်ဘာလ တရက်နေ့ဟာ ကျနော်တို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၂၆ နှစ်ပြည့် မွေးနေ့ပါ။ တနည်းအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်ဖြိုးခွင်းတဲ့ စစ်တပ်ကို လက်ကိုင်ပြီး ပြန်တိုက်မှရမယ်၊ ဒါးဒါးချင်း လှံလှံချင်း တုန့်ပြန်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ တောခိုခဲ့တဲ့ ကျောင်းသားလူငယ်တွရဲ့ ၂၆ နှစ်ပြည့် တော်လှန်ရေးနေ့လဲ ဖြစ်ပါတယ်။

တောစခိုစဉ်က ကျောင်းသားလူငယ်တွေရဲ့ မဟာရည်မှန်း ချက်ကတော့ ကျောင်းသား တပ်မတော်ကိုဖွဲ့စည်းပြီး မြန်မာ့တပ်မတော်ကို တွန်းလှန်တိုက်ခိုက်ဖို့၊ ကျောင်းသား တပ်မတော်ဦးစီးတဲ့ စစ်ကြောင်းတွနဲ့ တနိုင်ငံလုံးကိုပြန်လည်သိမ်းပိုက်ဖို့၊ ကျောင်းသား တွေကို ပစ်သတ်တဲ့အထိ အခြေနေဆိုးနေတဲ့ မြန်မာ့တပ်မတော်ကို စနစ်တကျပြန်လည်စုဖွဲ့ဖို့ဖြစ်ပါတယ်။

ဒါ လွန်ခဲ့တဲ့ ၂၆ နှစ် ၈ လေးလုံးအရေးတော်ပုံကို စစ်တပ်ကပစ်ခတ်ဖြိုခွဲလို့ နယ်စပ်ဒေသဆီ ထွက်ပြေးခဲ့ကြ ရတဲ့ ကာလ၊ နယ်စပ်တကျောမှာ လက်နက်ကိုင်တိုက်ပွဲတွေပြင်းထန်နေစဉ်၊ စင်ပြိုင်အစိုးရတွေ၊ တပ်ပေါင်းစုတွေ ဖွဲ့ပြီး မြန်မာစစ်အစိုးရကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေကြတဲ့၊ မာနယ်ပလောအခြေစိုက် သူပုန် အဖွဲ့တွေ အင်အား အကောင်းဆုံးအခြေနေကိုပြန်ပြောနေတာပါ။

အခု ၂၆ နှစ်ကြာပြီးတဲ့အခါမှာတော့ အခြေနေတွေက အဲဒီလိုမဟုတ်တော့ပါ။ ABSDF အပါဝင် နယ်စပ်ဒေသ တလျောက်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးနီးပါး စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး သွားကြပါပြီ။ တဖွဲ့ချင်းလက်မှတ်ထိုးတဲ့အဆင့်ကိုကျော်ပြီး အဖွဲ့အားလုံး တပြိုင်တည်းလက်မှတ်ထိုးတဲ့ တပြည် လုံး အပစ်ရပ်ရေးစာချုပ်ချုပ်ဖို့ UNFC, (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)၊ TTNC (တနိုင်ငံလုံး အပစ်ရပ်ရေး ကော်မီတီ) တို့နဲ့ မြန်မာအစိုးရရဲ့ MPC ( ငြိမ်းချမ်းရေးစင်တာ)တို့ ဒီနှစ်ထဲမှာ အသဲအသန်ဆွေးနွေးေ နကြပါတယ်။

တကယ်ကတော့ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာကောင်းတာပေါ့။ ဒါပေမယ့် မေးစရာကျန် နေတာက လွန်ခဲ့တဲ့ ၂၆ နှစ်၊ ၈ လေးလုံးအရေးတော်ပုံအပြီး တောစခိုစဉ်က ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေ အခု ရနေပြီလား။ အဲဒါတွေရသွားလို့ အပစ်ရပ်လိုက်တာလား။ အဲဒါတွေ ရဖို့အတွက် အပစ်ရပ်လိုက်တာလား။ အပစ် ရပ်ပြီးရင် ဘာဆက်လုပ်မှာလဲ။ မူလ ဦးတည်ချက်ဆီရောက်အောင် ဘယ်လိုဆက်လုပ်မှာလဲဆိုတာပါပဲ။

ဒါဟာ ABSDF တဖွဲ့တည်းအတွက်မေးခွန်းမဟုတ်ပါဘူး။ အပစ်ရပ်လိုက်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ တွေအားလုံးအတွက်မေးခွန်းဖြစ်ပါတယ်။

တကယ်တန်းပြောမယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ်လိုက်တာဟာ နယ်စပ်က လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေတင်မကပါဘူး။ NLD (အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်) နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေအပါဝင် ပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးနီးပါးကလဲ နယ်စပ်ကအဖွဲ့တွေထက် တောင်စောပြီး အပစ်ရပ်လိုက်ကြတာလို့ပြောနိုင်ပါတယ်။

အတိအကျပြောရမယ်ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်မယ်လို့ကြေငြာကတည်းက နိုင်ငံရေးအရ အပစ် ရပ်လိုက်တာပါပဲ။ လက်နက်ကိုင်အဖွဲ့အချင်းချင်း အပစ်ရပ်လိုက်လို့ ၂ ဖက်အသေပျောက်နည်းသွားသလို အစိုးရနဲ့ အတိုက်ခံ အကြား အပစ်ရပ် (အပြန်အလှန်ဝေဖန်တိုက်ခိုက်တာရပ်) ပြီး ပူးပေါင်းဆောင်ရွက်တော့  ဖမ်းဆီးခံ နိုင်ငံရေးသမားတွေပြန်လွတ်လာတာ၊ နောက်ထပ်အဖမ်းမံရတော့တာ၊ အကျဉ်းထောင် အတွင်းသေဆုံးတာတွေ နည်းသွားတာပေါ့။

ဒါပေမယ့် နယ်စပ်က အဖွဲ့တွေအပစ်ရပ်ပြီး ဘာဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းအထုတ်ခံရသလို NLD၊ ၈၈၊ တိုင်းရင်း သား ပါတီတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအားလုံးကိုလဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး ဘာဆက်လုပ် မှာလဲ။ တနည်းအားဖြင့် ရွေးကောက်ပွဲမ၀င်ခင်ကပေးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် NLD က ဘယ်လိုဆက်လုပ်မှာလဲ။

အပစ်ခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေဆီသွားမယ်၊ အခြေနေတွေ တဖြေးဖြေးနဲ့ပိုကောင်းလာလိမ့်မယ် လို့ နယ်စပ်တကျောက လက်နက်ကိုင်အဖွဲ့တွေမျော်လင့်ခဲ့သလို NLD နဲ့ လွတ်တော်နိုင်ငံရေးကိုလက်ခံခဲ့တဲ့၊ ဦး သိန်းစိန်အစိုးရကို ထိပ်တိုင်ရင်မဆိုင်တော့ပဲ ပူးပေါင်းဆောင်ရွက်ရေးမူကိုလက်ခံခဲ့တဲ့ နိုင်ငံရေးအင်အားစုအားလုံး လည်း အလားတူမျော်လင့်ခဲ့ကြမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

ဒီလိုမျော်လင့်ချက်တွေနဲ့ လွှတ်တော်ထဲဝင်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကနေ အခု ၃ နှစ်တာကာလအတွင်း ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ။ နှစ် ၂၀ နီးပါး ထောင်ကျခံခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရနဲ့ပူပေါင်းဆောင်ရွက်မှရမယ်လို့ ပေါ်လစီပြောင်းလိုက်တဲ့ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်းဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ။

ကတိပေးထားတဲ့အတိုင်း မလုပ်ပြနိုင်တဲ့အတွက် လွှတ်တော်လမ်းကြောင်းကိုစွန့်ပြီး လူထုတိုက်ပွဲလမ်းကြောင်းကို NLD ကပြန်ရွေးမလား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးသိန်းစိန်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီဖက်က မပြင်ပေးဘူး ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ် မှောက်မလား။ ဒါတွေဟာ NLD အပါဝင် ပြည်တွင်း အင်အားစုအားလုံး ဒီနေ့ ဒီနေ့ရင်ဆိုင်နေရတဲ့ အဓိက မေးခွန်းတခုပါပဲ။

ဒါပေမယ့် နယ်စပ်က လက်နက်ကိုင်တွေရော၊ ရန်ကုန်က နိုင်ငံရေးပါတီတွေကြားမှာပါ တူညီနေတဲ့အချက်တခုက တော့ ဦးသိန်းစိန်အစိုးရဖက်က မရိုးသားတာ။ နိုင်ငံရေးဝါဒဖြန့်နေတာကိုသိပါလျက်နဲ့ လက်ရှိအခြေနေကနေ ရုန်း ထွက်ဖို့မဖြစ်နိုင်ဘူး။ လက်ရှိရနေတဲ့နိုင်ငံရေးအခွင့်အခါကောင်းတွေကို ငြင်းပယ်လိုက်မယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်၊ အဖမ်းဆီးတွေ ပြန်ဖြစ်လာမယ်။ ပြည်သူလူထုပိုနစ်နာမယ်။

ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ပြင်မပြင်ပြင် ရွေးကောက်ပွဲဝင်မှဖြစ်မယ်။ မပြင်ပေးလို့ မ၀င်ဘူးဆိုပြီး သပိတ်မှောက်လိုက် ရင် အစိုးရဖက်က ပိုကြိုက်တဲ့အတွက် သူ တို့အကွက်ထဲဝင်သွားမယ်။ မကြိုက်သော်လည်း အောင့်ကာနမ်း ရတော့မဲ့အခြေနေရောက်နေပြီဆိုပြီး NLD ဖက်က ပြောဆိုသံတွေကို ၂၀၁၅ ရွေးကောက်ပွဲနီးလေ ပိုကြားလာ ရလေဖြစ်လာနေပါတယ်။ ဒါကြောင့်လဲ အတိုက်ခံတို့အသံ တဖြေးဖြေးနဲ့ လုံးပါးပါးလာနေပြီဆိုပြီး ဝေဖန်သံတွေ ထက်လာနေတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို ၈ လေးလုံးအရေးတော်ပုံကနေ တဆင့် မွေးဖွားလာတဲ့ ABSDF ၂၆ နှစ်ပြည့်မွေးနေ့ တော့ အပစ်ခတ်ရပ်စဲရေးလုပ်နေကြတဲ့ နယ်စပ်တလျောက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံး၊ လွှတ်တော် နိုင်ငံရေး၊ ရွေးကောက်ပွဲနိုင်ငံရေး၊ အစိုးရနဲ့လက်တွဲဆောင်ရွက်ရေးလမ်းကြောင်းပေါ် ရောက်နေကြတဲ့ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုအားလုံးအနေနဲ့ အခြေနေအရ ရွေးချယ်ခဲ့ရတဲ့ ယာယီလမ်းကြောင်းတွေ အလုပ်ဖြစ်မဖြစ် စနစ်တကျ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ