ရန်ကုန်၊ နိုင်ဝင်ဘာ ၁၃
၁၃.၁၁.၂၀၁၄ ရက်နေ့ ၀၆၁၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးမြဲလမ်းရှိ OPAL အထည်ချုပ်စက်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပါသည်။
မီးလောင်ရာသို့ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ်များ၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၈၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ အဆိုပါ စက်ရုံ၏ ပိတ်ဖြတ်ဌာန(Cutting)တွင် အသုံးပြုသော အပူပေး ကော်ကပ်စက်အား အသုံးပြု ထားရှိခဲ့ရာမှ အပူပေးကွိုင်တွင် ကျန်ရှိသော အပူရှိန်ကြောင့် အနီးရှိ ထိပ်စပ်စက္ကူစများ၊ ပိတ်စများကို မီးလောင် ကျွမ်းခဲ့ပြီး စက်ရုံအတွင်း ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မီးလောင်မှုကြောင့် အကျယ် ပေ(၆၀x၈၀)၊ အမြင့်(၂၅)ပေခန့်ရှိ ပိတ်ဖြတ် ဌာနသွပ်မိုး အဆောက်အဦ (၁)လုံး၊ အပ်ချုပ်စက်အလုံး(၁၀၀)၊ ချုပ်လက်စ အထည်များ၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၂၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် စက်ရုံမန်နေဂျာ ဦးစိုးနိုင်၊ (၄၃)နှစ် အား လှိုင်သာယာမြို့မ ရဲစခန်း(ပ)၁၆၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
မီးလောင်မှု ဖြစ်ပွားစဉ် မီးငြိမ်းသတ်သူ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် တပ်သား ကိုအောင်ကို၊(၂၃)နှစ်မှာ စက်ရုံ အဆောက်အဦ၏ ပြူတင်းပေါက်မှန်တံခါး ထိခိုက်မိသဖြင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ (၁)ချက်နှင့် ယာလက်ကောက်ဝတ်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့သဖြင့် လှိုင်သာယာဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။





































No comments:
Post a Comment