Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 8, 2014

(၃၀)-ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၁)

ကျွန်တော်တို့၏ ထေရဝါဒ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရား၏ တရားဓမ္မတို့ကို ပစ်ထည့်ထားသည့် ခြင်းတောင်းကြီး သုံးတောင်း အဖြစ် ကျော်ကြားသော ဝိနည်း သုတ္တန် အဘိဓမ္မာ ဆိုပြီး ကဏ္ဍသုံးခုရှိရာတွင် ယင်းတို့အနက် ဝိနယပိဋက ဆိုသည်မှာ ရဟန်းသံဃာတို့သည် မည်သို့သော နည်းလမ်းအားဖြင့် သာသနာအား ကာကွယ်စောင့်ရှောက်အပ်ကြောင်း မသဲမကွဲ ချော်တလွဲတွေ လျှောက်မလုပ်စေရန် ဗုဒ္ဓရှင်တော်မှ  အတိအကျ “မူဝါဒ” ချမှတ်လမ်းပြခဲ့သည့် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်၏ အာဘော်လမ်းညွှန်ပါတည်း။


ထို့ကြောင့်လည်း ရှင်မဟာ ကဿပ အမှူးရှိသော ရှေးဦးဆုံး ပုဗ္ဗာစရိယ သံဃာတော်ကြီးများသည် ပထမဆုံးကျင်းပခဲ့သည့် သင်္ဂါယနာတွင် အရေအတွက် များပြားလှပါသည်ဆိုသော သုတ္တန်တရားများ၊ လူပညာရှိတို့ပင်လျှင် ဥာဏ်မမှီနို်င်အောင် နက်နဲသည် ဆိုသော အဘိဓမ္မာသင်္ကပ တရားတို့ကို ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးထားသော ဘုရား၏ ညီတော်ခေါက်ခေါက် ရှင်အာနန္ဒာကိုပင် ဓမ္မဝိဿဇ္ဇေတိ(အဖြေရှင်) ပလ္လင်ပေါ်သို့ ဦးဆုံး ပေးမတက်။  အနိမ့်ကျဆုံး သုဒ္ဓကျွန်မျိုးမှ ရဟန်းပြုလာသလောက် ၊ ဖောက်ပြန်လိုသော ချော်တလွဲရဟန်းတွေ အနေကြပ်အောင် သဲကွဲရှင်းလင်းစွာ ဝိနည်းအာပတ်ကို မပြတ်ဝေဖန်သည့် ဗုဒ္ဓသာသနာ၏ အခမဲ့ နှလုံးသားဝန်ထမ်းရှင် သာသနာစောင့် ရဲချုပ်ကိုယ်တော်ကြီး ရှင်ဥပါလိကို ကိုယ်တော်မှ ငြင်းပါလျက်နှင့် ပလ္လင်ပေါ်သို့ ဇွတ်ကို မရမကဆွဲတင်ကာ ဝိနည်းတော်သည် သာသနာတော်အတွက် အထွတ်မြတ်ဆုံး နှင့် အရေးကြီးဆုံး အသက်ဝိဥာဉ် ဖြစ်ကြောင်းကို အကြောင်း သက်သေပြုခဲ့ပါသတည်း။

ယနေ့ချိန်ခါ မြန်မာပြည် ဗုဒ္ဓ သာသာနာသည် မင်းဆိုးမင်းကလိန်တို့မှ အတိအလင်း တစ်မျိုး၊ လက်သိပ်ထိုးလည်း တစ်လှည့်ုဖြင့် ကျောထောက်နောက်ခံကို ရသော အဓမ္မ ရဟန်းတို့သည် ၉၆၉ အဖွဲ့၊ မျိုးစောင့်ဥပဒေ လှုပ်ရှားရေးအဖွဲ့ ၊ ခုနောက်ဆုံး သာသနာ့ ပါလ သာသနာစောင့်ရှောက်ရေး အဖွဲ့ စသဖြင့် နာမည်အမျိုးမျိုးသုံးကာ မူလသံဃာအဖွဲ့အစည်းမှ သင်းခွဲဖဲ့ထွက်၊ အရှက်အကြောက်မရှိ မာန်တက်ရမ်းကားပြနေသည်မှာ အထင်းပါတည်း (impunity)။ သည်တွင် “သံဃာ့ အဖွဲ့အစည်း”ဆိုသော ဝေါဟာရ နှင့် စပ်လျဉ်း၍ ကျွန်တော့် အနေဖြင့် စဉ်းငယ်ရှည်လျားသော ပိဋကတ်တော် ကျမ်းဂန် အကိုးအကား တို့ကို အလျင်ဦးဆုံး ဖွင့်မပြမီမှာ စာဖတ် ပရိသတ်တို့ လွယ်လွယ်ကူကူ စဉ်းစားဆင်ခြင်နိုင်သလို လက်တွေ့သုံးစွဲနိုင်သည့်  ဘုရားရှင်၏ ဆိုလိုရင်း အနှစ်ချုပ်ကို အလျင်ဖော်ပြထားလျှင် ကောင်းပါလိမ့်မည်။ ဘုရားရှင်၏ သားတော်ရင်းများ ဖြစ်ကုန်သော တည်ကြည်မွန်မြတ်သော မူလသံဃာ အဖွဲ့အစည်း နှင့် ဖောက်ပြန်ယုတ်မာသော အောက်တန်းစား သံဃာ အဖွဲ့အစည်းကို အသို့ ခွဲခြားနိုင်ပါသနည်း ဆိုသော် ဘုရားရှင်၏ သံဃာဟူသည်မှာ တစ်ကြောင်းတည်းသာရှိသော တရားသာလျှင် ကျင့်ကြံကိုးကွယ်ရာ သုံးစွဲရာရှိသည်ဟု ပြော၍ ပြောသည့်အတိုင်းလည်း ကျင့်ကြံသုံးစွဲနေထိုင်သည့် သူတို့ပေတည်း။ ဖောက်ပြန်သော မိစ္ဆာသံဃာတို့ သင်းပင်းပူးပေါင်းသော အောက်တန်းစား သံဃာ အဖွဲ့အစည်း ဆိုသည်မျိုး မှာကား အမြတ်ဆုံးဟူသည်မှာ “၉၆၉ဟေ့” ၊ တရားဟူသည်မှာ “အမျိုးသားရေးဟေ့”၊ “အမျိုး၊ဘာသာ၊ သာသနာဟေ့” ၊ ကျင့်ကြံကိုးကွယ်သုံးစွဲရာ ဟူသည်မှာ “မင်းအာဏာ၊ သမ္မတကြီးရဲ့  အာဏာ၊ လွှတ်မင်းကြီးတွေရဲ့  အာဏာဟေ့” ဟု လှည့်ဖြားပြောဆိုသလို သင်းတို့၏ အာရုံပြင်တွင် ၄င်း ယုတ်ညံ့သော မင်း၊ အာဏာ၊ နိုင်ငံရေး စသည့် မောက်မာဝင့်ကြွားနေသော ငရဲတံလျှပ်များ ပြက်ပြက်စွဲလောင်နေသည့် စိတ်ယုတ်မာညစ်ညမ်းပူးသွမ်းနေသူတို့ ပူးပေါင်းစည်းဝေးသော အဖွဲ့မျိုးပါတည်း။ ၄င်းတို့မှ အလေးအမြတ်ပြုနေသော အမျိုးသားရေး ကိစ္စဆိုသည်မျိုးသည် ဗုဒ္ဓဘုရားရှင်က ဘယ်တုန်းကမှ မဟောခဲ့သည်၊ တရား မဟုတ်သည်ကို အသေအချာ သိသည်လည်း ရှိစေ၊ မသိသည်လည်း ရှိစေ “ငါတို့လုပ်နေတာဟာ တရားပါ” (သို့မဟုတ်လည်း) “တရားဆိုတာ သည်နေရာမှာတော့ မလိုပါဘူး” (သို့မဟုတ်လည်း) “တချို့နေရာတွေမှာ မလိုပါဘူး”ဟု အမှန်တရားဆိုတာ ကြည့်ရူသူ၏ ရူဒေါင့်ပေါ်မှာပဲ မူတည်သည် လို့ moral relativism အယူဖြင့် လွှမ်းမိုးပိုင်းဖြတ် ပြုမူပြောဆိုနေကုန်ကြသူတို့ စည်းဝေးသည့် အစုအဖွဲ့တို့ ပေတည်း။

သို့ဆိုလျှင် ကိုးကွယ်ကျင့်ကြံသုံးစွဲအပ်သော “တရား” ဆိုတာဟာ ဘယ်လိုမျိုးပါလိမ့် ဆိုသော - စောဒနာသည်  အင်မတန် ကောင်းသလောက် အရေးကြီးသော မေးခွန်းလည်း ဖြစ်ပါ၏။ သည်မေးခွန်းအတွက် အဖြေသည် စိတ်ဝင်စားစရာ ကောင်းလှသည့်အတိုင်း နောက်ပိုင်း ကျွန်တော့်စာများတွင် ဆက်လက် ဆွေးနွေးသွား ပါမည်။ ခုခါမှာတော့ ကျွန်တော် ခုရေးသောစာတို့သည် “တစ်ကြောင်းတည်းသာရှိသော တရား”ကိုသာလျှင် မြတ်နိုးဦးစိုက် ရေးသားထားသည်ကို သိလျှင် လုံလောက်ပြီ ဖြစ်ပါ၏။ တဒင်္ဂမျှ အနှစ်ချုပ်ပြမည်ဆိုလျှင် ဒေဝဒတ်မှနေ၍ သတ်သတ်လွတ်စားခြင်း မှသည် တခြား ပြင်းထန်စွာ ကျင့်ကြံခြင်းတို့ကိုမှ အနှစ်အမှန်ဟု စွဲထင်နေခြင်းမျိုးသည် တရားမဟုတ်။ တရားဟူသည်မှာ ကျွန်တော်တို့ လူသားအားလုံး၏ ဖြစ်တည်မှုတွင် ဖြေရှင်းဖို့ အခက်ခဲဆုံး ပြဿနာ အဖြစ် တွဲလျက်ပါလာသည့် တစ်စုံတစ်ရာသည် အနှစ်အမှန်ဟု တောက်လျှောက်ကို တွေးခေါ်နေသော အကျင့်အကြံကို (တစ်ဝက်တစ်ပျက်နဲ့တော့ မရ) လုံးဝကို ကုစားရန် ကြိုးစားရသော သဘောပေတည်း။

လူ့ဘောင်၏ ရူပ်ထွေးမိုက်မဲမှု ပြဿနာ အပေါင်းတို့နှင့် စပ်၍ လွယ်သလောက် နက်နဲသော၊ ရိုးရှင်းသလောက် ဘယ်လိုမှ မငြင်းနိုင်အောင်မှန်ကန်သော အဖြေတို့ကို ဗုဒ္ဓတရားတော်တို့တွင် ရှာတွေ့နိုင်ပါ၏။ အကြင်သူတစ်ဦးသည် ဥပမာအားဖြင့် ဝီရသူ အင်းစိန်ရွာမ ရွှေညဝါ သီတဂူစသော ၉၆၉ ဘုန်းကြီးတစ်ဦးသည် အဘယ်ကြောင့် ဤသို့ တွေးခေါ်နေသနည်း၊ ဤသို့ ပြောဆိုနေပါသနည်း၊ ဤသို့ ပြုမူနေရပါသနည်းဟု မေးလာမည်ဆိုသော် ဗုဒ္ဓတရားမှ ပေးမည့် အဖြေကား လွယ်ပါ၏။ ဗုဒ္ဓ ပရမတ္တဝိဇ္ဇာဗေဒ (epistemologic logic) ရူဒေါင့်မှ ချည်းကပ်သုံးသပ်လိုက်မည် ဆိုပါလျှင် မလွဲသေချာ ပြောဆိုနိုင်သည်ကား ဤသူတို့၏ လောကကို မြင်သော အမြင် ၊ တစ်နည်းအားဖြင့် ၄င်းတို့၏ သူ့ကိုယ်သူ နှင့် အပြင်ဗဟိန္ဓမှ တစ်ပါးအရာတို့ကို ကြည့်မြင်သော အမြင်တို့သည် မှားယွင်း၊ယင်းပုဂ္ဂိုလ်တို့၏ ကိစ္စတွင် ဖောက်ပြန်မှောက်မှားသော အဆင့်သို့တိုင်ရောက် နေ၍ ပေတည်း။ ရှေ့ဆောင်းပါးတို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆို ပြီး အစိုးရက ဂုဏ်တင်ပြီးလုပ်နေသော ပွဲများသည် သည် အသိအမြင် မာန်မြောက်မှောက်မှားနေသော ဘုန်းကြီးရူးတွေကို လှေလူးပေးနေတာသာ ဖြစ်ကြောင်း ရှာရီရာ လက်ဆောင် အမှတ် (၇) စသည်တွင် ကျွန်တော် ပြောခဲ့ပါသည်။ အမြင်မှားယွင်းဖောက်ပြန် (ဝါ) ရူးနေသော ဘုန်းကြီးကို ၄င်း၏ ဖောက်ပြန်မှားယွင်းစွာမြင်နေသော (ဝါ) ရူးမိုက်စွာ သိမြင်နေသော လောကအမြင်ကို ပြောင်းလဲရန် မကြိုးစားပဲနှင့် လူရှေ့သူရှေ့ထွက် စကားတွေပြောခိုင်းပြီး လူတတ်သိကြီးတွေ အဖြစ် ပွဲတွေမြှောက်ကာ အားပေးအားမြှောက်လုပ်ခြင်းသည် ထိုသူရူးသူမိုက်တို့ နဂိုကပင် ရှေ့တန်းတင် နေသော အာဏာရှိသူနဲ့ ပေါင်းနိုင်တယ်ဆိုတာ တရား (သမိုင်းကြောင်း လိုအပ်မှု) ၊ လုပ်ပိုင်ခွင့်ကို တိုးတက်ရယူမှု ဆိုတာ ဓမ္မဝေယျာဝစ္စ (သမိုင်းပေး တာဝန်)၊ အမျိုး ဘာသာ သာသနာ ဆိုတာ အနှစ်အမှန် ဝဋ္ဋတိ (သမိုင်းဆက် အမွေအနှစ်) စသော ဖောက်ပြန်ဖောက်လွဲ မိုက်မွဲသော လောကအမြင်တွေ ပျံ့ပွားလာကာ ထိုသို့ အတ္တနှင့် ယှဉ်သော သညာသိကို ကိုးကားကော်ရော်မှုမှ နေ၍ ပေါက်ကွဲပျက်စီးမည့် ဖြစ်စဉ်များ တောမသတ်အောင် ကျွန်တော်တို့၏ သမိုင်းတွင် ဆက်ဖြစ်မည့် သဘောကို ဆောင်နေပါ၏ ။ သည်မှာတင် ပရမတ္တ ဝိဇ္ဖာဗေဒ (ဝါ) လောကအမြင် ဘာသာရပ် (mereology) တွင် ကျွန်တော့်အနေဖြင့် နှစ်ပေါင်း အတော်အတန် အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရကား ယင်းလေ့လာမှုတို့မှ ရသော အသိတရားသည် ခုခါမှာ  ဘုန်းကြီးမိုက် ခေါင်းဆောင်တွေနဲ့ ယင်းလူမိုက်နောက်လိုက်တို့မှ မင်းအာဏာ ကျောထောက်ရ၍ တရားဝင်ဖြစ်ပါသည်ဟု ယူမှတ်ကြွေးကြော်နေသော လူမိုက်တရားတို့ကို တန်ပြန်နှိမ်နင်းဖို့ရန် အားထုတ်ဖို့ စေတနာ ကျွန်တော့်အား ဖြစ်ရပါသတည်း။

ခု ကျွန်တော်မှ လောကအမြင်ဗေဒဟု လွယ်လွယ်ဘာသာပြန်ပြသလောက် ကျွန်တော် လူ့ခေတ်မြန်မာများအတွက် တစိမ်းဆန်နေဦးမည့် ဝေါဟာရများဖြစ်သည့် epistemology (သိခြင်းဗေဒ) ၊ mereology  (တစ်ခုလုံး ဆိုတာ နှင့် အစိတ်အပိုင်း တစ်ခုချင်း ဆိုတာ ဆက်စပ်ပုံ ဗေဒ) တို့သည် စင်စစ် ကျွန်တော်တို့၏ ထေရဝါဒ ပိဋကတ်တို့တွင် အခြေခံအကျဆုံး ဓမ္မပရိယာယ် နည်းစနစ်တို့ အဖြစ် ထုနဲ့ထည် ဖော်ပြပါဝင်နေသော နည်းစနစ်တို့ ဖြစ်ပါ၏။ မဟာယာန ဗုဒ္ဓဘာသာတွင် ယောဂကာရ နှင့် မဒြာမိက စနစ်တို့ဟူသည် ကျွန်တော်တို့ ထေရဝါဒလို စိတ်တစ်ခုယုတ် ကိုးဆယ်ဟာ ဘာတွေလဲဟု (၏ ၊ သည် ) မရွေး ကျက်မှတ်နေခြင်းထက် ယင်း အခြေခံအကျဆုံး ဓမ္မပရိယာယ်တို့ကို အထူး အာရုံစိုက်ကာ ကျွမ်းကျင်စွာ နားလည်ဆွေးနွေးနိုင်သော အဆင့်သို့ ရောက်အောင် သုတေသနပြုထားသည့် စနစ်တို့ ဖြစ်ပါ၏။ ဗုဒ္ဓတရားတော်များကို တစ်ပွေ့ကြီး လေ့လာခွင့် ရခဲ့ပါလျက်နှင့် ဖောင်စီးရင်း ရေငတ်ဆိုသလို ခေတ်ရာဇဝင် အဆက်ဆက် အသိမိုက်မဲလှသည့် အနော်ရထာ မင်းတုန်းစသော မင်းလူလည်တို့မှ သင်းတို့ နာမည်ကြီး သာသနာ့ ဒါယကာခံဖို့ သာသာနာကို ကြုံးသွင်းကြိုးကိုင်ဖို့ ကြိုးစားခံခဲ့ရသော ကျွန်တော်တို့ မြန်မာပြည်သည် “ထေရဆိုလျှင် မဝေဖန်နဲ့၊ ကံကြီးထိုက်လိမ့်မယ်” ဆိုတာနဲ့ အပိတ်ခံခဲ့ရကား ယနေ့ မြန်မာပြည် ဗုဒ္ဓဘာသာတွင် ထိပ်ဆုံးက ဥာဏ်အကောင်းဆုံး ဘုန်းကြီးဆိုသူတို့ပင် ဤအရေးပါဆုံး ဓမ္မ ပရိယာယ်တို့တွင် အလွန်တရာ အားနည်းကြသည်ဆိုသည်ကို ကမ္ဘာတိုးလျှိုပေါက်လာသော သည်ဘက်ခေတ် (Globalized era)တွင် ကိုယ့်ငါးချဉ် ကိုယ်မချဉ်စတမ်း နိုင်းယှဉ်ဝေဖန်သည့် မြန်မာ ဘာသာရေးပညာရှင်တို့သည် စိတ်မသက်သာစွာ သိမြင်ခဲ့ပြီး ဖြစ်ပါ၏။ သည်လို စူးစမ်းဝေဖန်တွေးခေါ်သော သန္နိဌိက အလေ့အကျင့်သည် ကျွန်တော်တို့၏ ရိုးရာတွင် ဆိတ်သုဉ်းသုည ဘူလုံးလုံးကျနေလို့လည်း ဒီမိုကရေစီ လမ်းကြောင်းကလေးကို မြင်စပြုလာသော သည်မှာခေတ်တွင် “ဘုရားတရားဆိုတာ ၉၆၉ ဟဲ့ ၊ မူဆလင်ကို နှိပ်ကွပ်ဟန့်တားတာဟာ သာသနာကို စောင့်ရှောက်တာဟဲ့” ဟူသော မိစ္ဆာအယူဝါဒ နောက်သို့ စစ်အစိုးရ မြှောက်ပေးလို့သာ  ပြည်သူကလည်း မစူးစမ်း မစောကြောလို့သာ နာမည်ကြီးလို့နေ အမှန်တကယ် အားဖြင့် သိမ်မွေ့ခက်ခဲလှသည့် တရားဓမ္မ ပရိယာယ်နယ်ပယ်တို့တွင် အသိအလင်း ဟောင်းလောင်း ဖြစ်နေသော ဘုန်းကြီး ထိပ်တန်းခေါင်းဆောင် ဆိုသူတို့သည် ကောက်ကောက်ပါအောင် လိုက်စားမာန်မြောက်ကုန်ကြခြင်း ပေတည်း။

တချို့ကလည်း ဆိုပါ၏။ သည် ဝီရသူ စတဲ့ ဘုန်းကြီးတွေ အစိုးရက ဆေးခတ်ပြီး ခိုင်းတာ ခံရတာပါလို့ သည်ဘုန်းကြီးတွေကိုပင် ကိုယ်ကနေပြီး သနား၊ ကရုဏာပင် သက်စရာ ကောလာဟလတို့လည်း ပေါ်ထွက်လာပါ၏။ ကျွန်တော့် စဉ်းစားပုံ အားဖြင့် မြန်မာ အစိုးရသည် သည်လောက် စွမ်းမယ်လို့လည်း မထင်၊ သည်လောက်လည်း အပင်ပန်း ခံမယ်လို့လည်း မထင်။  နိုင်ငံရေး အတွေးအခေါ် ဗေဒဖြင့် နည်းစနစ်ကျကျ ပြောမည်ဆိုလျှင် တကယ်တော့ မြန်မာ အစိုးရက လုပ်နေသော နိုင်ငံရေး အညှာမှာ နေဝင်း တော်လှန်ရေးကောင်စီ ခေတ်ကတည်းကပင်  နည်းဗျုဟာဆိုလို့ ဝါးလုံးထိုးတတ်ရုံ တစ်တန်းတစ်စား သာတည်း။ အဲဒါဟာ ဘာလဲဆိုတော့ အယုတ်မာဆုံး သို့မဟုတ်လည်း ခိုင်းလို့အကောင်းဆုံး လူတို့ကို ထိပ်ဆုံးနေရာသို့ ခုတင်ပေးထားခြင်း ဖြစ်ပါ၏။ “ကျီးမိုက်ကို ဟသာင်္တို့ ခစားရသဟဲ့” ဟူသော ကောသလအိပ်မက် တစ်ဆယ့်ခြောက်ချက်ဆိုတာ မြန်မာများ နှစ်ရာစုဝက်မက လက်တွေ့မြင်တွေ့ထားပြီး ဖြစ်လို့ ဒါကို အလွယ်ပင် နားလည် သဘောပေါက်နိုင်ပါ၏။ တစ်ခုပဲ ပိုမှတ်ရန်မှာ ကောသလအိပ်မက် ဆယ့်ခြောက်ချက်သည် မြန်မာတွေ ခေတ်တစ်ခေတ်မှာ ကံဆိုးလို့ တွေ့ခံခဲ့ရသော အဖြစ်သနစ်တို့ မဟုတ်။ ထိပ်တန်း နိုင်ငံရေးတွေးခေါ်ပညာရှင် ဟိုင်းရက်က သူ့ ကမ္ဘာ့ဂန္တဝင် ကျွန်ဖြစ်ရာလမ်းတွင် အသေအချာကို ပြောခဲ့သည်မှာ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူလူထုသည် လုံးစည်းဝါဒယန္တရားစနစ် (Totalitarianism) စနစ်အောက်ကို ပြားပြားမှောက် ကျရောက်သွားပြီဆိုလျှင် ယင်းစနစ်သည် မလွဲသေချာ လူယုတ်မာ စိတ်အောက်တန်းတို့ကိုသာ ထိပ်ဆုံးသို့ ရောက်လာအောင် တွန်းပို့ပေးပါသတည်း။ ခေတ်စနစ်ဟု မြန်မာတို့ ပြောလေ့ရှိပါ၏။ ဒါကြောင့် ကျွန်တော်တို့ လွယ်လွယ်သိမှတ်နိုင်သည်မှာ လုံးစည်းဝါဒ လွှမ်းမိုးသော ခေတ်တိုင်းမှာ လူယုတ်မာတွေ မင်းမူတဲ့စနစ်သည် သက်ဆိုးရှည်စမြဲ ပေတည်း။ မြန်မာတွေ မက်ခဲ့ရသော၊ ခုလည်း အိပ်မက်ထဲက မထွက်နိုင်သေးသော၊ ဘယ်တော့ သည်အိပ်မက်ဆိုးတွေ ပြီးသွားမှာလည်း ဆိုတာကိုလည်း ဘယ်သူမှ မမှန်းနိုင်သော ကောသလ အိမ်မက်တို့သည် ( ခေတ် -> စနစ် ) တို့ ဖြစ်ပါ၏။ မြန်မာတွေ ကံခေလို့ တစ်ခါတစ်ရံ လောကဓံမှာ ကျီးကန်းအောက်ကလိတွေ ပလ္လင်ညာရံ ရွှေဘုံပျံမှာ လာစိုးစံခွင့်ရသည့် ခဏတဖြုတ် သဘောမဟုတ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ