~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
““မဏ္ဍိုင်သုံးရပ် အပြန်အလှန် မထိန်းကျောင်းနိုင်ပါက လွှတ်တော်ကို ဖျက် သိမ်းရန်””ကာ/လုံက သမ္မတအား အကြံပြုသော အချက်ကို တပ်မတော်သား ကိုယ်စားလှယ်များက တင်ပြသည်ဟု သိရသည်။
ထို့ပြင် ““လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံနှင့်အထက် ပျက်ကွက်လျှင် လည်း လွှတ်တော်ကို ဖျက်သိမ်းရန်””အကြံပြုထားကြောင်း သိရ၏။
အထက်ပါအချက် နှစ်ခုလုံးသည် လွှတ်တော်ကို ဖျက်နိုင်ရန် အကြောင်း များဖြစ်ပြီး ““၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင် အထည်ဖော်မှု အစီရင်ခံစာ””၌ ပါဝင်ကြောင်းလည်း သိရပါသည်။
မည်သည့် အကြောင်းပြချက်နှင့်ပင် ဖြစ်စေ၊ လွှတ်တော်ကို ဖျက်သိမ်းခြင်းသည် အာဏာသိမ်းခြင်းပင် ဖြစ်၏။ ဒီမိုကရေစီ အပင်ပေါက်ကို အမြစ်မှဆွဲနုတ်ခြင်း ပင်ဖြစ်၏။ မြန်မာပြည်သူလူထုသည် သဲကန္တာရထဲ၌ နှစ်ပေါင်း ၅၀ ကျော် နစ်မျောနေခဲ့ရ၍ အသက်မျှင်းမျှင်း ကျန်သူများဖြစ်သည်။ ဒီမိုကရေစီ ပိုင်ခွင့် ဟူသော အိုအေစစ်ကို ခပ်လှမ်းလှမ်းမှ ရေးရေးမြင်ရ၍ အားခဲလျှောက် လှမ်း နေကြသူများဖြစ်၏။ သို့သော် ထိုမြင်ရသော အိုအေစစ်မှာ အမှန်တကယ် မဟုတ်ဘဲ တံလျှပ်မျှသာဟု တွေ့ရလျှင်ကား အားပြတ်ပြီး သေပွဲဝင်ကြရပါလိမ့် မည်။
ယနေ့မြန်မာလူထု စိတ်အပူဆုံးသည် စစ်တပ်က ပြန်လည် အာဏာသိမ်းမည့် ကိစ္စဖြစ်၏။ အထူးသဖြင့် ထိုင်းတွင် ကာလရှည်စွာ နှစ်ဖက် ဆန္ဒပြမှု များ နှိမ်နင်း၍ မနိုင်သောအခါ တပ်က အာဏာသိမ်းသွားခဲ့သည်။ ယခု ထိ ပြည်သူ့ဆန္ဒ ရွေးကောက်ပွဲလုပ်မည့်အသံ မကြားရသေးချေ။ အာဏာ သိမ်းပြီးပြီဆိုလျှင် ပြည်သူ့ လက် ပြန်ရဖို့ အချိန်အကန့်အသတ်မရှိ။ သည်ေ တာ့ နှစ်ချီနှစ်မောင်း အလဲထိုးခံခဲ့ရပြီးသော မြန်မာလူထုသည် ““အာဏာသိမ်း”” ဆိုသော ဝေါဟာရကို အလန့်ဆုံး၊ အကြောက်ဆုံး၊ အမုန်းဆုံး ဖြစ်နေသည်။
ယခု ““မဏ္ဍိုင်သုံးရပ် အပြန်အလှန် မထိန်းကျောင်းနိုင်လျှင်””ဟူသော စကား ရပ်မှာ အဓိပ္ပာယ် ကျယ်ဝန်းလှ၏။ မည်သည့် အခြေအနေကို ရောက်လျှင် မထိန်းကျောင်းနိုင်ခြင်းဟု သတ်မှတ်မည်နည်း။ မတ်တတ် လျှောက်တတ်ခါစ ကလေးကို မာရသွန်ပြိုင်ပွဲ မ၀င်နိုင်ရကောင်းလားဟု အပြစ်တင်၍မရပါ။ ကြိုးစားပြီး လျှောက်ဖို့ အားပေးရန်သာ လုပ်ကြရပါမည်။ ယိမ်းယိုင်နေ လျှင် ဖေးမကူညီရမည်သာ ဖြစ်သည်။ အပြစ်တင်ခြင်း သည် မိမိကိုယ်မိမိ ကာကွယ်ရန် တွန်းအားပေးခြင်းဖြစ်၏ ဟု ဒေးလ်ကာနက်ဂျီ က ရေးဖူး၏။ အပြစ်တင်ရုံဖြင့် အရာမရောက်နိုင်ပါ။ အပြစ်တင်ခြင်းသည် ပျက်စီးခြင်းဆီသို့သာ ဦးတည်မြဲဖြစ်သည်။
တကယ်တမ်း စဉ်းစားရမည့်ကိစ္စက ““ပြည်သူ့အကျိုး””ဖြစ်၏။ ရန်သူကို ဖယ် ရှားရေး၊ တစ်ပါတီ အာဏာရရေး၊ မိမိလူများ ကောင်းစားရေး စသည် တို့ကား ပြည်သူ့အကျိုးထက် အတ္တစိတ်သာ ကြီးစိုးနေခြင်းဖြစ်ရာ ဤစိတ်ထား (mind-set) ကို တတ်နိုင်သလောက် လျှော့ကြပါမှ တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်း၍ ရနိုင် ပါလိမ့်မည်။ ဒီမိုကရေစီ ဘက်တော်သားများက စစ်တပ် ကိုယ်စားလှယ်များကို လွှတ်တော်ထဲမှာ မမြင် ချင်ကြောင်း ပြောနေကြသည်။ စစ်တပ် ကိုယ်စားလှယ်များက အာဏာသိမ်းနိုင်သော အချက်ကို ဖြည့်စွက် နေကြသည်။ ပြည်သူလူထုကား သဲဝဲတွင်း ကျွံနေကြရပြီ။
သည်ကြားထဲ ““လူတွေကို လမ်းမပေါ်ရောက်အောင် လုပ်လို့ရ တယ်””ဟု ပြော သူက ပြောပြီး ဆန္ဒပြတာကို သင်္ကြန်ကားနှင့် လှည့်ရလားဟု ကန့်ကွက်သူက ကန့်ကွက်နေသည်။ သူ့ဆန္ဒကိုယ့်ဆန္ဒ မတူကြသည်မှာ သဘာဝကျပါသည်။
သေချာသည်မှ မြန်မာလူထုသည် ၁၉၈၈ လူထု မဟုတ်တော့ခြင်းဖြစ်၏။ လူတွေကို ဆွဲဆောင်နိုင်ဆုံးဖြစ်သော ““ဘာသာရေးပဋိပက္ခ”” ဖြစ်ရန် ဖန်တီးမှုများကိုပင် လူထုက ရှောင်ကွင်းနိုင်ခဲ့ပြီးလေပြီ။ ဘာသာပေါင်းစုံ တွေ့ဆုံပွဲများက မင်္ဂလာရှိလှသည်။ သည်နည်းနှင့်တော့ လူထုကို လှည့်စား၍ မရနိုင်တော့ပါ။ မြန်မာပြည် ကံကောင်းပါသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို စဉ်းစားကြည့်လျှင် ထင်ရှားသော အချက်များမြင်ရ၏။ ထိုရက်များ အတွင်း စာရေးသူသည် အနီးကပ် လေ့လာခဲ့သည်။ မြေနီကုန်း မှတ်တိုင်မှ ရွှေတိဂုံဘုရားသို့ ဘတ်စ်ကားဖြင့် လျှောက်ကြည့်သောအခါ ကိုရင်လေးအများအပြား ကားပေါ်တက်လာကြသည်ကို မြင်ရ၏။ အရှေ့မုခ်၌ သူ တို့ဆင်း၏။ ကျွန်မလည်းဆင်း၏။ ကျွန်မက မှတ်တိုင် အမိုးအောက်မှာထိုင်ရင်း သူတို့ကို အကဲခတ်သည်။ သူတို့အားလုံး မျက်နှာက စိတ်ဝင်စားမှု အပြည့်နှင့်ဖြစ်သည်။ ရှေ့မှာ မည်သည့် အန္တရာယ်ရှိကြောင်း စဉ်းစား ကြပုံမပေါ်ပါ။ ကျွန်မသာ ကလေးများကိုကြည့်ရင်း မျက်ရည်ဝဲခဲ့ရ၏။
နောက်ဆုံးနေ့တွင် ဘုရားသို့ ကျွန်မ မသွားရဲခဲ့ပါ။ အိမ်မှာပင် စလောင်းမှနေ၍ ““အယ်လ်ဂျားဇီးရား”” ရုပ်သံလိုင်းကို စောင့်ကြည့်သည်။ ထောင်နှင့်ချီသော သံဃာတော်များ မျက်လွှာချပြီး မေတ္တာသုတ်ရွတ် နေကြပုံကို လက်အုပ်ချီမိပါသည်။ ထိုစဉ်မှာပင် အနီးကပ်ရိုက်ချက်အရ ထူးထူးခြားခြားမြင်ရ၏။ သံဃာတစ်ပါး(ပဉ္စင်းပျိုအရွယ်) သည် လက်ထဲ၌ အလံကိုကိုင်ရင်း မျက်နှာက ဣနြေ္ဒမရ ဖြစ်နေသည်။ ဟိုကြည့်သည် ကြည့်လုပ်သည်။ နှုတ်က တစ်စုံတစ်ရာ အော်သည်။ သူ့ခေါင်းက ခေါင်းတုံးမှာ အသစ်စက်စက် ရိတ်ပြီးခါစ ဖြစ်နေသည်။
အစစ်အမှန်များကြားတွင် အတုအယောင်များ ရောပါလေ့ရှိကြောင်း
သက်သေပင်ဖြစ်၏။ ၈၈ လူထုအုံကြွမှု ဖြစ်စဉ်တုန်းကလည်း မဖွယ်မရာ အများအပြား မြင်ခဲ့ကြရပြီးပြီ။ သို့ဖြစ်ရာ ““လမ်းပေါ် လူရောက်ခြင်း””တွင် မလိုလားအပ်သော အဖျက်အဆီးများ ၀င်လာတတ်ကြောင်း ကြပ်ကြပ် သတိရှိကြရန် လိုပါသည်။
““လွှတ်တော်၌ သုံးပုံတစ်ပုံ ပျက်ကွက်လျှင်””ဆိုသော ကိစ္စမှာ ပြည်သူလူထုနှင့် မပတ်သက်ပါ။ လွှတ်တော်ထဲ သို့ ရောက်ရန် သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ မဲပေးခဲ့ကြရသော်လည်း ပြည်သူ့ကိုယ်စားလှယ် ရာနှုန်းပြည့် မမှန်ကန်ကြောင်း အများသိပြီးဖြစ်၏။ မြို့နယ် အများအပြားတွင် မိမိတို့ ကိုယ်စားလှယ် မည် သူမှန်း မသိကြ သေးပါ။ မဲဆန္ဒရှင်များထံ မလာရောက်ကြသေးပါ။ သို့သော် အလွန်အလုပ်လုပ်သော ကိုယ်စားလှယ်များ ကိုလည်း သတင်းများ ၌ မြင်နေ ရပါသည်။ လွှတ်တော် ကိုယ်စားလှယ် အားလုံးညံ့ ဖျင်းခြင်း မဟုတ်ပါ။ အလွန် တော်သော ပုဂ္ဂိုလ်များကို မြင်ရသည်။ ဒါကိုဝမ်းသာရပါမည်။ တဖြည်းဖြည်း တိုးမြှင့်သွားရန်ဖြစ်သည်။ တစ်ခါတွင် လွှတ်တော် ကိုယ်စား လှယ်အချို့ ဆန္ဒပြသည့် အနေနှင့် လွှတ်တော်မတက်ကြောင်း တွေ့ခဲ့ရဖူး၏။ လူ ၃၀ ကျော် (မှားလျှင်ပြင်ပေးကြပါ) မျှသာဖြစ်၍ မထိခိုက်ပါ။ ထိုကဲ့သို့ ဆန္ဒပြခြင်းမျိုး သုံးပုံတစ်ပုံ ရှိသွားလျှင် (ယခုအကြံပြုချက်အရ) လွှတ်တော် တစ်ခုလုံးကို ဖျက်သိမ်းသွားလျှင် တိုင်းပြည် ပျက်သည်နှင့်မခြား ဖြစ်မည်။ ဒါမျိုးလုပ်ရန် အလွန်လွယ်ပါလိမ့်မည်။ ထိုကဲ့သို့ ဖြစ်စဉ် မျိုးသည် ပြည်သူ လူထုနှင့် မသက်ဆိုင်ရုံမက ပြည်သူ လူထုပင် ဘာမျှ သိလိုက်ကြရမည် မဟုတ်ပါ။ ဤနည်းဖြင့် မဆုံးဖြတ်ကြဖို့ မေတ္တာရပ်ခံကြရပါသည်။
ပြောရလျှင် လက်ရှိ အခြေခံဥပဒေမှာပင် အရေးပေါ် အခြေအနေဟူသော အခန်း၌ သမ္မတက ကာ/ချုပ်ထံ အာဏာ အပ်နိုင်သော အခြေအနေမျိုး များစွာ ပါဝင်ပြီး ဖြစ်နေသည်။ အချိန်မရွေး အာဏာ သိမ်းသွားနိုင်သည်။ ထို့ကြောင့်လည်း ပြင်ဆင်ရေးအတွက် တောင်းဆိုနေကြခြင်းဖြစ်၏။ အခြားအချက်များ အားလုံးထက် ဤအချက်က အရေးအကြီးဆုံး ဖြစ်နေသည်။
အခြားနိုင်ငံများရှိ နိုင်ငံရေး ကစားပွဲများမှာ လက်ရည်တူ တိုက်ကြခြင်းဖြစ်၏။ ဥပမာ အမေရိကန်၌ ဒီမိုကရက် ပါတီနှင့် ရီပတ်ဘလစ်ကင်ပါတီအား ညီသည်။ ထောက်ခံမှုမျှတသည်။ တိုင်းပြည်အား တစ်ဖက်စောင်းနင်း မဖြစ်စေနိုင်ပေ။
မြန်မာနိုင်ငံမှာက ပါတီတွေများသည်။ ပါတီကြီးတစ်ခုတည်းသို့ မ၀င်လိုကြဘဲ သီးခြား ထူထောင်ကြသည်။ အကြောင်းရင်း အမျိုးမျိုး ရှိပါလိမ့်မည်။ နေရာကောင်း မရ၍လည်း ဖြစ်နိုင်သည်။ လွတ်လပ်စွာလှုပ်ရှား ချင်၍လည်း ဖြစ်နိုင်သည်။ ပါတီ ၃၀ ကျော်ဆိုတော့ များနေတာ သေချာသည်။
မနေ့တစ်နေ့က နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကာ/ချုပ်တို့ က ရွေးကောက် ပွဲ ကော် မရှင်နှင့် နိုင်ငံရေး ပါတီ ဥက္ကဋ္ဌများကို ၂ နာရီ အချိန်ပေး၍ တွေ့ဆုံခဲ့ရာ အကောင်းမြင်သူနည်းပြီး အဆိုးမြင်သူများခဲ့၏။ တစ်ဦးကို ၁၀ မိနစ်ပေးခြင်းကို အပြစ်မြင်ကြ၏။ အကောင်းမြင်ဝါဒ သမားများကမူ လုံးဝမတွေ့ခြင်းနှင့် စာသော် တွေ့ခြင်းက ကောင်းသည်ဟု ခံစားကြ၏။ ၁၀ မိနစ်အချိန်သည် မိမိပါတီအကြောင်းပြောရန် လုံလောက် သည်ဟု ခံစားကြ၏။
အဆိုးမြင် သမားများကား ပါတီဥက္ကဋ္ဌများကို တန်းတူမမြင်နိုင်ပေ။ ““ထိပ်သီး မဟုတ်တဲ့လူတွေ ပါနေတယ်”” ဟုပင် ပက်ပက်စက်စက် ဝေဖန်၏။ ပါတီဥက္ကဋ္ဌရာထူးချင်း မတူဟု ငြင်းဆို၏။ ကာတွန်းဆရာကလည်း ““ရုပ်ပြ”” ဟု ကာတွန်းဆွဲလေသည်။ ဒီမိုကရေစီပိုင်ခွင့်များဖြစ်၍ ကိုယ်ယုံကြည်သည်ကို လွတ်လပ်စွာဖွင့်ဟနိုင် ကြပါသည်။ သို့သော် အင်အားကား ဘယ်ရောက်နေသနည်း။
ပြည်သူ့အင်အားကို ယုံသည်ဟု ပြောနေလျက် ပြည်သူအားလုံး အကျိုးကို မစဉ်းစားကြလျှင် အတ္တစိတ် သာ ဖြစ်လိမ့်မည်။
၁၅၀၀ တန် တယ်လီဖုန်း ရသောအခါ ““ခုမှဘာလို့လာပေး လဲ၊ ရောင်းစားလို့ မရတော့ဘူး””ဟု အပြစ်ပြောသူ ကို မြင်ဖူးသည်။ ဘယ်လိုလုပ်ပေး မှ ကျေနပ် မှာလဲဟု မမေးတော့ပါ။ အဆိုးမြင်သမားသည် ဘာဖြစ်ဖြစ် အဆိုးမြင် မည်ဖြစ်၏။ သူ့ဘက်ကို မစဉ်းစားတော့ဘဲ ကိုယ့်ဘက်ကိုသာ စဉ်းစားသည်။ သူ့ဘက်ကို မစဉ်းစားနိုင်သမျှ ကြားက ပြည်သူလူထု နစ်မွန်းနေ ရပါဦးမည်။
မည်သို့ဖြစ်စေ အတွေ့အကြုံတွေ များခဲ့ပြီးပါပြီ။ လူထုသည် ဘယ်သူမှားသည် ဘယ်သူမှန်သည်ကို ခွဲခြား စဉ်းစားနိုင်စွမ်း များလာပါပြီ။ ခြောက်တိုင်းလည်း မကြောက်။ မြှောက်တိုင်းလည်း မမြောက်ကြပါ။ အဆိုးနှင့် အကောင်းကို ဘယ်လို လုပ်ယူရမည်ကိုလည်း တွေးတော တတ်ကြပါသည်။ ထောင်ချောက်ကိုလည်း မြင်တတ် ကြပါသည်။ အန္တရာယ်ကိုလည်း ရှောင်တတ်လာကြပါ ပြီ။ တစ်ဇွတ်ထိုး လုပ်ခြင်းထက် ဆင်ခြင်၍ လုပ်ခြင်းက လက်တွေ့ကျကျ အကျိုးရှိကြောင်းလည်း သိနေကြပါပြီ။ ထို့ပြင်သည်းခံခြင်း၊ စိတ်ရှည်ခြင်းလည်း အတန်အသင့် ရင့်ကျက်နေကြပါပြီ။
သို့ဖြစ်ရာ —-
““လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်”” ဟူသော အနေအထားမျိုးကို မိမိတို့ဘက်မှ အလွန်မရှိအောင် ဆင်ခြင် ဉာဏ်ဖြင့် အထူးလိမ္မာစွာ ရှောင်ရှား နိုင်ရပါတော့မည်။ ဘင်္ဂလား ပင်လယ်မှ မုန်တိုင်းဖြစ်နိုင်သော အ၀ါရောင် အဆင့် လေဖိအား ရပ်ဝန်းသည် အရှေ့ဘက် မလာတော့ဘဲ အနောက်ဘက်သို့ ရွေ့သွားပြီဟူသော အဖြစ်က မြန်မာပြည် ကံကောင်းကြောင်း ပြခဲ့ခြင်းဖြစ်၏။
မြန်မာပြည် ကံကောင်းရမည် …..
No comments:
Post a Comment