တိုကျို ၊ ၂၇-၁၁-၂၀၁၄
ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ အကြားရှိ ကျွန်းတစ်ကျွန်း ပေါ်မှ ဗုဒ္ဓဆင်းတုတော် တစ်ဆူ ခိုးယူခံရမှုနှင့် ဆက်စပ် နေသည့် တောင်ကိုရီးယား နိုင်ငံသား ငါးဦးကို ဖမ်းဆီး ခဲ့ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ခဲ့ကြောင်း NHK သတင်းတစ်ရပ် အရ သိရသည်။
ဖမ်းဆီးခံရသည့် တောင်ကိုရီးယား နိုင်ငံသား များမှာ အသက် ၄၂ နှစ်မှ ၇ဝ နှစ်အရွယ်ရှိ အမျိုးသားများ ဖြစ်ပြီး ၄င်းတို့သည် ဂျပန်နိုင်ငံပိုင် ဆူရှီမားကျွန်း ပေါ်မှ အဆိုပါ ကြေးနီ ဆင်းတုတော် ကို ယခု သီတင်းပတ် အစောပိုင်းက ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။ ရဲတပ်ဖွဲ့သည် ဆင်းတုတော် ပျောက်ဆုံး သွားသည် ဟူသော သတင်း ရသည်နှင့် တစ်ပြိုင်နက် ရဲတပ်ဖွဲ့ဝင် များကို ဆိပ်ကမ်းများသို့ ဖြန့်ကြက် ချထား၍ စစ်ဆေး စေခဲ့ရာမှ မော်တော်ဘုတ် တစ်စီးဖြင့် ထွက်ပြေး သွားသည့် တောင်ကိုရီးယား နိုင်ငံသား ငါးဦးတွင် ဆင်းတုတော် ပါသွားကြောင်း ကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် အခြား အသေးစိတ် အချက်အလက် များကိုမူ ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အဆိုပါ ဆင်းတုတော်သည် ဉာဏ်တော် လေးလက်မရှိပြီး ကိုရီးယားနိုင်ငံမှ ကိုးရာစု အတွင်းက ဂျပန်နိုင်ငံသို့ လက်ဆောင် အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကျွန်း ပေါ်တွင် ၂ဝ၁၂ ခုနှစ်ကလည်း ဘာသာရေး ဆိုင်ရာ ဓာတ်တော်၊ မွေတော်များကို တောင်ကိုရီးယား ဂိုဏ်းတစ်ဂိုဏ်း က ခိုးယူခဲ့ကြောင်း၊ အဆိုပါ ဂိုဏ်းမှ အဖွဲ့ဝင် အချို့ကို တောင်ကိုရီးယား အစိုးရက ဖမ်းဆီး နိုင်ခဲ့ပြီး ခိုးယူခံရသည့် ဆင်းတုတော် များကို ပြန်လည် သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment