ယူကေမှ ပညာရှင်များ မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ရပ်တွင် လက် အခြောက်ခံ စက်များနှင့် လက်သုတ် စက္ကူများမှ ဗက်တီးရီးယား ကူးစက်နိုင်မှု နှုန်းကို လေ့လာကြည့်ရာ လက် အခြောက်ခံ စက်များက လက်သုတ်စက္ကူ တို့ထက် ဗက်တီးရီးယား အဆပေါင်း ၂၇ ဆခန့် ကူးစက် နိုင်ကြောင်း တွေ့ရှိခဲ့သည်။
ယူကေတွင် ရှိသော လိစ် တက္ကသိုလ်မှ သုတေသီ များက သန့်စင်ခန်း များတွင် တွေ့ရသည့် အများသုံး လက် အခြောက်ခံစက် များမှ တစ်ဆင့် ဗက်တီးရီးယား ကူးစက်နိုင်ပုံကို စမ်းသပ် လေ့လာ ခဲ့ကြရာ လက် အခြောက်ခံ စက်များက မှုတ်ထုတ် လိုက်သော လေနွေးသည် အသုံးပြုသူ၏ လက်ပေါ်မှ ဗက်တီးရီးယား များကို လေထဲသို့ ပျံ့နှံ့စေကာ အခြား သုံးစွဲသူ တစ်ဦးထံသို့ ကူးစက် နိုင်ကြောင်း တွေ့ရှိခဲ့သည်။ သုတေသီ အဖွဲ့ကို ဦးဆောင်သူ မိုက်ခရို ဇီဝပညာရှင် Mark Wilco သည် သန့်စင်စွာ မဆေးကြော ထားသေ လက်များမှ တစ်ဆင့် ဗက်တီးရီးယား ပျံ့နှံ့နိုင်ပုံကို လေ့လာရန် စမ်းသပ်မှု မပြုလုပ်မီ စမ်းသပ်ခံသူ များ၏ လက်ပေါ်ကို Lactobacilli ဗက်တီးရီးယား ဖြင့် ဖုံးအုပ်စေခဲ့သည်။ လူတစ်ဦးက လက်ကို အခြောက်ခံ ပြီးသော် ၄င်း အခြောက်ခံစက် များ၏ ဝန်းကျင်ရှိ လေထုထဲတွင် သာမန် ဗက်တီးရီးယား များက ငါးမိနစ် ထက်ပို၍ အသက်ရှင် နိုင်ကြောင်း သိရသည်။ သို့သော် သုတေသီတို့က စမ်းသပ်ခံ သူများ၏ လက်ပေါ် သုတ်လိမ်း ထားသော လက်တိုဘဆီလီ ဗက်တီးရီးယား သည် လက် အခြောက်ခံစက် အသုံးပြုပြီး ၁၅ မိနစ်ခန့် အချိန်ထိ လေထုထဲတွင် ရှိနေသေးကြောင်း တွေ့ရှိခဲ့သည်။
ထိုကဲ့သို့ စမ်းသပ်ရာတွင် နောက်ဆုံးပေါ် ဖြစ်သည့် တစ်နာရီလျှင် ကီလိုမီတာ ၆၄ဝ နှုန်းဖြင့် လေမှုတ်သော အခြောက်ခံစက် များမှာ တစ်သျှူးစက္ကူ များထက် ဗက်တီးရီးယား ၄ ဒသမ ၅ ဆခန့် ပို၍ ကူးစက်စေပြီး ကမ္ဘာတစ်ဝန်း တွင်ကျယ်စွာ အသုံး ပြုနေသော လေနွေးဖြင့်အခြောက်ခံ သည့် အခြောက်ခံ စက်ပုံစံဟောင်း များသည် လက်သုတ်စက္ကူ များထက် ဗက်တီးရီးယား ပေါင်း ၂၇ ဆခန့်ပို၍ ကူးစက် နိုင်ကြောင်း တွေ့ရှိ ခဲ့သည်။
အဆိုပါ သုတေသီ တို့၏ တွေ့ရှိချက်မှာ ဗက်တီးရီးယား ပျံ့နှံ့ပုံကို ပို၍သိရှိ နားလည် စေနိုင်ပြီး ကူးစက် ရောဂါများ အလွယ်တကူ ပျံ့နှံ့ စေနိုင်သည့် အများသုံး လက် အခြောက်ခံစက် များကို မသုံးစွဲရန် သတိပေး နေသည်။
သန့်စင်ခန်း များ၌ သုံးပြီးလျှင် မိမိတို့၏ လက်ကို သန့်စင်စွာ ဆေးကြောပါက ဗက်တီးရီးယား များကို အချိန်တို အတွင်း ဖယ်ရှား နိုင်မည်ဖြစ်ပြီး လက် အခြောက်ခံ ရာ၌ ဗက်တီးရီးယား ပျံ့နှံ့နိုင်မည် မဟုတ်သော်လည်း လက်ကို သေချာစွာ မဆေးကြော သူတို့မှ ဗက်တီးရီးယား များစွာ ကူးစက်နိုင်ကြောင်း သိရသည်။
No comments:
Post a Comment