ယခုဆန္ဒပြပွဲကို စစ်တွေအပါအဝင် ကျောက်တော်၊ ပေါက်တော၊ မင်းပြားနှင့် မောင်တောမြို့များတွင် ယနေ့ (နိုဝင်ဘာလ) ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တစ်ပြိုင်တည်း ပြုလုပ်ခဲ့ ကြခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ပြောဆိုသုံးစွဲခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ယခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။
“ကိုရီးယားနိုင်ငံသားတစ်ယောက်က ဒီလိုမြန်မာနိုင်ငံမှာမရှိတဲ့လူမျိုးနာမည်ကို သုံးစွဲလိုက်တာဟာ ရခိုင်အရေးကို ဝင်စွက်ဖက်လိုက်တာပါပဲ။ အဲလိုစွက်ဖက်တာကို ကျွန်တော်တို့လက်မခံနိုင်ဘူး”ဟု ဆန္ဒပြပွဲဦး ဆောင်သူ ကိုအောင်ဌေးက ပြောသည်။
သံဃာတော်များအပါအဝင် လူပေါင်း ၅ဝဝဝ ကျော်ပါဝင်သည့် စစ်တွေဆန္ဒပြပွဲကို နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီမှစတင်ကာ ဝင်္ကပါဘုရားကွင်းမှ ဦးဥတ္တမလမ်း၊ လမ်းမကြီး၊ ဦးအောင်ဇံဝေလမ်း၊ မင်းဘာကြီးလမ်း အတိုင်း လမ်းလျှောက်ကာ မင်းဘာကြီးလမ်းမှတဆင့် ဦးဥတ္တမလမ်းသို့ပြန်လည်ဝင်ရောက်၍ ဝင်္ကပါ ကွင်းတွင် ယင်းနေ့ ညနေ ၂ နာရီကျော်ခန့်အချိန်၌ လူစုခွဲခဲ့ကြသည်။
စစ်တွေတွင်ပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲတွင် ပါဝင်သူများက “UN လူကြီးဘန်ကီမွန်း အမှန်တရားကို မသိ လား”၊ “သမိုင်းလိမ်ညာရိုဟင်ဂျာ ရခိုင်ပြည်မှာ လုံးဝမရှိ”၊ “ရိုဟင်ဂျာကိုလက်ခံသူ အလိုမရှိ၊ အလိုမရှိ”၊ “လူ့အခွင့် အရေးဆိုသူများ ရခိုင်သားကို အားနာပါ”၊ “ရခိုင်ပြည် ရခိုင်ပြည် ရခိုင်သားတို့ ဇာတိမြေ”၊ “ဇာတိမြေကို ကာကွယ် ထား ရခိုင်သား ရခိုင်သား”စသည့် စာသားများကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
“ဘန်ကီမွန်းရဲ့အသုံးအနှုန်းက ကျွန်တော်ရခိုင်တိုင်းရင်းသားတွေအတွက် အင်မတန်ဒုက္ခရောက်စေနိုင် တဲ့အတွက် အခုလိုဆန္ဒပြရခြင်းဖြစ်ပါတယ်”ဟုလည်း ဘင်္ဂါလီ ၉၅ ရာခိုင်နှုန်းရှိသည့် မောင်တောမြို့မှ ဆန္ဒပြပွဲဦးဆောင်သူ ဦးစိန်လှဖြူက ပြောသည်။
ကုလသမဂ္ဂ၏ တရားဝင်ရုံးသုံးအဖြစ်မှ ရိုဟင်ဂျာအမည်လိမ်ကို ပယ်ဖျက်ပေးရန်၊ ARU နှင့် ARNO စသော မျက်နှာဖုံးစွပ်ထားသည့် RSO အကြမ်းဖက်သမားများကို ကုလသမဂ္ဂလူ့အခွင့်အရေး ညီလာခံများ သို့တက်ရောက်ခွင့်မပြုရန်၊ တစ်ဘက်နိုင်ငံတွင် လူဦးရေသန်း ၁၆ဝ ခန့်ရှိနေသဖြင့် ကျူးကျော်ဘင်္ဂါလီများကို လူနည်းစုဟူ၍ သတ်မှတ်ခြင်းမပြုရန်နှင့် ကျူးကျော်ဘင်္ဂါလီများကို ဒုက္ခသည်အဖြစ် တစ်ဘက်သတ် သတ်မှတ် ကူညီထောက်ပံ့နေသကဲ့သို့ ဆင်းရဲသောဒေသခံရခိုင်တိုင်းရင်းသားများကိုလည်း ခွဲခြားမှုမပြုဘဲ မျှတစွာ ကူညီ ထောက်ပံ့ပေးရန် စသည့်အချက်များကိုတောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း စစ်တွေလူထု က မစ္စတာဘန်ကီမွန်းထံ ယနေ့ပေးပို့လိုက်ကြောင်းလည်း သိရသည်။
ယနေ့ပြုလုပ်ခဲ့ကြသော အဆိုပါဆန္ဒပြပွဲများကို သက်ဆိုင်ရာ၏တရားဝင်ခွင့်ပြုချက် ဖြင့်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
No comments:
Post a Comment